CDM ဗိုလ်ကြီးတစ်ဦးရေးသားသည်။
ဪ …. ဘာလိုလိုနဲ့ သင်္ကြန်ရောက်ပြီပဲ။ ပြီးခဲ့တဲ့ ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်စဉ်းစားရင်း အမှန်အတိုင်း ပြောရရင် ကျနော်ဖြတ်သန်းခဲ့တဲ့ စစ်သားဘဝမှာ အဲ့သင်္ကြန်ကာလကို အမုန်းဆုံးပဲ။ ကျနော်က အခြားအဆင့်ဘဝမှာ ၁၀ နှစ်၊ အရာရှိဘဝ ၉ နှစ်လောက်နေခဲ့တာ။ ပျော်စရာဆိုတာ နည်းပါတယ်။ စိတ်ညစ်စရာတွေများသား။ ကိုယ့်ဘာ့သာကိုယ် အပျော်ဖန်တီးရတာများပါတယ်။
အရာရှိ ဘဝမှာတော့ ရှာရတာလွယ်ပါတယ်။ စစ်သည်ဘဝမှာသာ ……
သင်္ကြန်ကျချိန်မှာ စစ်သည်တစ်ဦးလက်နက်နဲ့ ထွက်ပြေးလို့ လိုက်ရှာဖူးတယ်။ အခန်းထဲမှာ ဇာတ်လမ်းတွဲကြည့်၊ စားစရာတွေ ဝယ်ပြီး ဖြတ်သန်းဖူးတယ်။ အရက်၊ ဘီယာနဲ့ မြည်းစရာတွေ ဝယ်ပြီး စားသောက်ဖြတ်သန်းဖူးတယ်။ ဘုန်းကြီးဝတ်ပြီးတော့လည်း ဖြတ်သန်းဖူးပါတယ်။ အမျိုးမျိုးအဖုံဖုံပါပဲ။
တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်တွေက မြို့ပေါ်ရော၊ ရွာမှာပါနေဖူးတယ်။ အထက်ကြီးတဲ့သူတွေက လက်အောက်အဖွဲ့တွေ ပြဿနာတက်ရင် (စစ်တပ်အခေါ် အုပ်ချုပ်မှုကိစ္စ) သူတို့ကိုပါ ငြိမှာဆိုးတော့ နည်းလမ်းပေါင်းစုံနဲ့ အဲ့သင်္ကြန်ကာလမှာ ထိန်းတာပေါ့။
ဘယ်လိုတွေထိန်းကြလဲဆိုတော့ ပွဲလမ်းသဘင် အခါကြီးရက်ကြီးတွေမှာ အဖျက်အဖွဲ့အစည်းတွေဟာ အဖျက်အမှောက်တွေ လုပ်လာနိုင်တယ်။ ဒီတော့ လုံခြုံရေးအသိ၊ သတိရှိပေါ့ဆိုပြီး နောက်တန်းမှာ ကျန်တဲ့အဖွဲ့ကို ၂ ဖွဲ့ခွဲ တစ်ရက် အသင့်နေ၊ နောက်တစ်ရက် ပျော်ဆိုပြီး ထားလေ့ရှိတယ်။ တပ်ပြင်လည်း ပေးမထွက်ဘဲ တပ်တွင်း မဏ္ဍပ်လေးမှာပဲ အာမီရမ်အရက်စပ်ပေးပြီး ပျော်ခဲ့ကြရတဲ့ စစ်သည်တွေပါ။ ဆိုးတာက (ကျနော် မကြိုက်တာပေါ့) အရာရာ On Parade နဲ့ လုပ်ကြတာ။ သတောင်းစား က မလာသေးဘူး စားချင် သောက်ချင်နေတဲ့ ကိုယ်က စားစရာတွေရှေ့ချပြီး ပြိတ္တာ ဖြစ်မှန်းမသိဖြစ်နေရ။ စစ်တပ်ထဲက ပွဲတွေကို မုန်းရခြင်းက ဒါပဲ။ ဘယ်ပွဲဖြစ်ဖြစ် အဲ့လိုတွေချည်းပဲ။
ပြီးတော့ တပ်တွင်းက ရဲမေတွေ၊ သင်္ကြန်မရောက်ခင် တစ်လလောက်ထဲကစပြီး အက တိုက်တာပေါ့။ တချို့ကတော့ ကချင်တယ်၊ တချို့ကျပြန်တော့လည်း ကလေးငယ်လို့ မကချင်ဘူး။ အမျိုးမျိုးပေါ့။ဒါပေမယ့် မရဘူး အမိန့်ပဲဆိုပြီး က ခိုင်းပြန်ရော။ သေချာတွေးကြည့်ရင် တပ်တွင်းရဲမေတွေ ဘဝက သနားစရာ ပိုကောင်းပါတယ်။ ရိုင်းရိုင်းပြောရင် ကျွန်ဝယ်ရာ အဆစ်ပါပေါ့။ အရင်ခေတ်ကမှ ထောက်ပံ့မှုကများသေးတယ်။ ခုခေတ်က ထောက်ပံ့မှု တော်တော်နည်းတယ်။ ဆန်တောင် အလကားမပေးတော့ဘူး။ လိုင်းခန်းမှာ ဘာအခွန်မှမပေးရဘဲ နေရတာပဲရှိတော့တယ်။
တပ်ထဲမှာ စစ်သားက တော်တော်နည်းနည်းပဲ ကျန်တော့တာ၊ ရဲမေအင်အားကသာ များများကျန်တာပါ။ စစ်ရေးပြဆိုလည်း သွားလိုက်ရ။ လက်နက်ငယ်/လက်နက်ကြီးဆိုလည်း သွားလိုက်ရ။ ဖက်ထိပ်ဆိုလည်းလုပ်ရသေးတယ်။ ဆွေးနွေးပွဲ/ ဒါဘာ/ ဓမ္မစင်္ကြာ/ လိုင်းစစ်/ တပ်အသင့်……။ ပြောရမယ်ဆို တော်တော်ဆိုးဆိုးပါ။ အတွေးအမြင်တွေ အားနည်းလို့သာ ရုန်းမထွက်နိုင်ကြသေးတာပါ။ သေချာပြန်စဉ်းစားရင် လက်ရှိအခြေအနေက ပိုလို့သာဆိုးပေါ့။ တပ်ထဲမှာ လုံးဝ မနေသင့်တော့တာပါ။ အဲ့လိုပြောရတာ ကျနော်က ထွက်လာပြီးမို့လို့ ပြောတယ် ထင်ချင်ထင်မယ်။ မဟုတ်ပါဘူး။ လက်တွေ့ပါ။
တခြားသူတွေ ခုပြောမယ့် စကားလုံးကို ကြိုက်ချင်မှကြိုက်မယ်။ ဒါမယ့် ပြောရမှာပဲ။ မြန်မာ့စစ်တပ် မကောင်းဘူး မဟုတ်ဘူး ကောင်းပါတယ်။ စနစ်တွေ၊ စည်းကမ်းတွေ အစစအရာရာကောင်းတယ်။ အင်္ဂလိပ်ဆီက ကောင်းတဲ့အရာတွေ လက်ဆင့်ကမ်းယူခဲ့တာပါ။ ၁၉၅၉ ခုနှစ်၊ အိန္ဒိယအက်ဥပဒေ၊ W.O.C.O၊ W.O.C.I (စစ်တပ်အခေါ် ဝိုကို၊ ဝိုကိုင်)၊ D.S.C.O၊ D.S.C.I (စစ်တပ်အခေါ် ဒက်စကို၊ ဒက်စကိုင်) ၊ စစ်တပ်ရုံးလုပ်ငန်းစည်းမျဉ်း၊ ငွေစာရင်းထားသိုမှု၊ ပြောရရင် မကုန်ပါဘူး။ မကောင်းတာ ခေါင်းဆောင်ပိုင်းတွေ၊ လက်အောက်ကို ပြန်မကြည့်တတ်တော့တဲ့ တပ်ရင်းမှူးကစပြီး အကြီးဆုံးလူတွေအထိပါ။ သူတို့ အာဏာတည်မြဲရေး၊ ရာထူးဂုဏ်သိမ်စည်းစိမ်း တိုးပွားရေးပဲ သိကြတဲ့ လူတစ်စုကြောင့်ပါ။ စာရှည်သွားပြီ ဆက်ဦးမယ်။
သင်္ကြန်တွင်းမှာ တရုတ်စစ်သားတစ်ဦး လက်နက်နဲ့ထွက်ပြေးလို့ သင်္ကြန် ၄ ရက်လုံး တောထဲမှာ ကုန်သွားတာလေး ပြောပြချင်တယ်ဗျ။ ပြောချင်တာကတော့ စကစ ရဲ့ ဗိုလ်ချုပ်တွေဟာ သူတို့ ရာထူးနဲ့ ဂုဏ်တက်စေရေးအတွက် ဘယ်လိုအရာမဆို ဉာဏ်နီဉာဏ်နက် သုံးပြီး လုပ်တတ်တယ်ဆိုတာရယ်၊ လူထက် လက်နက်ကို ပိုတန်ဖိုးထားတယ်ဆိုတာ ပြောချင်လို့ပါ။
အချိန်က ၂၀၀၆ နှစ်ဦးပိုင်း ကျနော်တာဝန်ကျခဲ့တဲ့ ရှမ်း/မြောက် ဘက် တပ်ရင်းတွေကို တပ်သားသစ်တွေ ခွဲဝေရောက်ရှိရာမှာ အရင်ကနဲ့မတူ ထူးနေပါတယ်။ ရောက်ရှိလာတဲ့ တပ်သားသစ် (၁၂) ယောက်မှာ (၈) ယောက်က တရုတ် (ဘာတရုတ်မှန်းမသိ၊ ကျနော်မှတ်မိသလောက် ကိုးကန့်ပဲလားမသိ) ဖြစ်နေတာပါပဲ။ ဆိုးတာက ဗမာစကားလုံးဝ မပြောတတ်တာ တရုတ် (၄) ယောက်ပါတယ်။ ကျန် (၄) ယောက်ကတော့ ပလောင်၊ ကချင်၊ လီဆူး၊ ရှမ်း ပါ။
သူတို့ ဗမာစကားမတတ်တော့ အုပ်ချုပ်ရတာ တော်တော်ဂွကျတယ်။ ပြီးတော့ သူတို့ တပ်သားသစ်တွေကို တိုင်းမှူး စုဆောင်းထားတာဆိုပြီး စစ်ပြေးမဖြစ်ဖို့ တပ်ရင်းတွေကို ဖိအားပေးတာ ခံရပါတယ်။ ပြင်းပြင်းထန်ထန် မဆုံး မရ၊ ပိုက်ဆံမရှိရင် တပ်ရေးဗိုလ်ကြီးတွေက ထုတ်ချေးဖို့၊ ပျော်အောင်ထားဖို့ တိုင်းကညွှန်ကြားထားတယ်။
ဒါတင်ဘယ်ဟုတ်သေးမလဲ သူတို့တွေက ကြီးသူမှန်းမသိ နင်၊ နင် ဆိုပြီးပြောတတ်ကြတယ်။ သူတို့ ရိုသေချင်တဲ့ သူကျပြန်တော့ ရာထူးငယ်ပေမယ့်လည်း ဆရာ ခေါ်တတ်ပြန်တယ်။ လစာထုတ်ပေးလို့ရှိရင်လည်း လူတော်တော်များများ သိထားသလို စာမတတ်ရင် ကြက်ခြေခတ် ဒါမှမဟုတ် လက်ဗွေနှိပ် ဆိုပြီး ကျနော်တို့က ခိုင်းပေမယ့် သူတို့က စာတတ်တယ်ဆိုပြီး တရုတ်လိုတွေ လက်မှတ်ထိုးပါတယ်။ ပြန်တွေးကြည့်ရင် တော်တော်ရယ်ဖို့ ကောင်းပါတယ်။
တပ်ရင်းဂိတ်ပေါက်နားမှာ ကာရာအိုကေဆိုင်ဖွင့်ထားပေးတယ်။ တပ်ရင်းက သူတွေဆိုဖို့ပေါ့။ သူတို့လေးတွေက ကာရာအိုကေဆိုင်ကို ကိုယ့်ခွေနဲ့ကိုယ်သွားဆိုတာ၊ သူတို့ရတဲ့ တရုတ်သီချင်းက ဆိုင်မှာမရှိဘဲကို။
အဲ့ တရုတ်လေးတွေ နာမည်ကို ကျနော် မှတ်မိသလောက်ပြောရမယ်ဆို လီလောက်ချန်၊ လီကြောင်လား၊ ရန်တား၊ လုံးပူး ၊ အိုက်ရီဝမ် …..
ပြောချင်တာက အဲ့အချိန်က တိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင် ပါ (နောင် လယ်/ဆည် ဝန်ကြီးချုပ်)။ တပ်တွေက အင်အားနည်းလာချိန် သူ့တိုင်းက တပ်သားသစ် စုဆောင်းမှု တိုးလာတယ်ဆိုပြီး ပြသလိုတာကြောင့် မြန်မာနိုင်ငံသားမဟုတ်တဲ့ (မြန်မာစကားတောင် မတတ်တော့ မြန်မာနိုင်ငံသား မဟုတ်ဘူးပေါ့) သူတွေကိုတောင် စစ်တပ်ထဲ ကလိမ်ကကျစ်ရတဲ့ နည်းနဲ့သွင်းပြီး တပ်ချုပ်(ဦးသန်းရွှေ)ကို ပြသခဲ့တာပါ။
ရှမ်းမြောက်ဘက်မှာ အဲ့လိုမျိုး တိုင်းရင်းသားတွေ (စာမတတ်တဲ့ ကိုးကန့်တရုတ်တွေအပါ) မှတ်ပုံတင်ပေးမယ်၊ ပြည်သူ့စစ်သင်တန်း တက်ရမယ်ဆိုပြီး ရွာတွေကနေတဆင့် လူစုခဲ့ရာ၊ တပ်ထဲလိမ်သွင်းခဲ့ရသူတွေ တော်တော်များတယ်။
အဲ့လိုတပ်ထဲ အတင်းသွင်းတော့ ဖြစ်လာတဲ့အကျိုးဆက်က …..
အဲ့တရုတ်လေး သင်္ကြန်မတိုင်ခင်ည၊ ညဘက်ကင်းကျတော့ ထွက်ပြေးတာပေါ့။ ထွက်ပြေးတော့ သူက သေနတ်ပါ ယူသွားခဲ့တယ်။ လမ်းမှာ SSA အမာခံနဲ့တွေ့တယ်။ သူ့ကို SSA က စခန်းတစ်ခုကို ခေါ်သွားတယ်။ တပ်ကလည်း လူသွားရင် ခွင့်မဲ့အောက်၊ မအောက်ရင်လည်း ထိန်ချန်ထား၊ လစာထုတ်စားလို့ရပေမယ့်၊ သေနတ်ပါသွားတော့ အထက်ကိုတင်။ အဲ့မှာ လူထက် သေနတ်ကို တန်ဖိုးထားတဲ့ စကစ လူကြီးတွေက သေနတ်မရရင် ပြန်မလာနဲ့ ရအောင်ရှာဆိုပြီး ကျနော်တို့ အဲ့နှစ်သင်္ကြန်မှာ တောထဲမှာ အချိန်ကုန်ခဲ့ရပါတယ်။ သင်္ကြန်အတတ်နေ့ ညနေမှ SSA က လူနဲ့ သေနတ်နဲ့ ပြန်ပေးလာခဲ့လို့ ကျနော်တို့ တပ်ရင်းကိုပြန်ခဲ့ရပါတယ်။
ပြန်ချုပ်ရမယ်ဆိုရင် စစ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ နာမည်ရလိုမှုနဲ့ မြန်မာစကားမတတ်တဲ့ တရုတ်ကလေးတယောက်ဟာ ပြည်သူ့စစ်သင်တန်း မဖြစ်မနေ တက်ရမယ်ဆိုပြီး ခေါ်ရာကနေ စစ်တပ်ထဲရောက်လာကာ အဆင်မပြေမှုများနဲ့ ကြုံတွေ့ပြီး ထွက်သွားရာကနေ ထောင် ၁၄ နှစ်ကျသွားခဲ့တယ်။ အကျဉ်းစစ်တရားရုံးက စစ်ဆေးရာမှာလည်း သူ့ခမျာ ဘာမှမသိရှာခဲ့ဘူး။ အပြစ်ရှိလား၊ မရှိလားတောင် မသိခဲ့ဘူး။
ကျနော်တို့ သင်္ကြန်တွင်းမှာ ပျော်ရတာ မပျော်ရတာ၊ နားရတာ၊ မနားရတာ အရေးမကြီးပါဘူး။ စစ်သားလည်း လူပါပဲ၊ လူဖြစ်နေရက်နဲ့ လူလို အသိအမှတ် ပြုခံရဖို့ လူတိုင်းလိုချင်ကြမှာပါပဲ။ လူတစ်ယောက်နဲ့ လက်နက်တစ်လက်မှာ လက်နက်က တန်ဖိုးပိုရှိတဲ့ စကစ စစ်တပ်ထဲမှာ ဆက်မနေကြပါနဲ့။ စကစ ထဲမှာ ခုလိုမျိုး လူမသိ သူမသိပဲ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး ဘဝ ဆုံးသူတွေ၊ ရှုံးသူတွေအများကြီးပါလို့ ကျနော် ကြုံတွေရတဲ့ အဖြစ်လေးကို ပြောပြရင်း …
ဗိုလ်ကြီးစိုင်းနော်ခမ်း