Spread the love

ရန်ကုန်၊ဧပြီ (၁၅)

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်က နာမည်ကြီးဒလန်တစ်ဦးကို ဒီနေ့ မနက် (၇) နာရီ (၄၅) မီနစ်က အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေနံရပ်ကွက်က ရေနံချက်စက်ရုံ အတွင်း နေထိုင်ပြီး စစ်တပ်နဲ့ရဲတွေကို PDFတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းတွေပေးနေလို့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက C8 News ကိုပြောပါတယ်။

“အိမ်ရှေ့မှာ ဘီယာထိုင်သောက်နေတဲ့ အချိန်ပစ်ခံရတာ ဘီယာတောင်တစ်ငုံပဲ သောက်ရသေးတယ် မြန်မာပုလင်းပိုက်ပြီး သေနေတာဘယ်သူတွေလဲ ပစ်လဲတော့ မသိဘူး။ အခု ရဲတွေရော စစ်တပ်ရော ရောက်နေပြီ” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ဦးခင်ဇော် ဖြစ်ပြီး စက်ရုံအတွင်း စက်ရုံဝန်ထမ်း လိုင်းခန်းအမှတ်(၂၅)၊ အခန်း (၄) မှာ နေထိုင်သူဖြစ်ပြီး လိုင်းခန်းနေအိမ်ရှေ့အဖီအောက်မှာ ဘီယာထိုင်သောက်နေချိန် ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက C8 News ကို ပြောပါတယ်။

“သေနတ်နဲ့ ငါးချက်ပစ်ခံရတာဗျ သေသွားပြီ ပွဲချင်းပြီးပဲ” လို့ သူက ပြောပြတယ်။

သေနတ်ပစ်ခတ်မှု့ကြောင့်ယာနံမှာ ကျည်ထိဒဏ်ရာလေးချက်၊ ယာလက်ဖျံတစ်ချက်ထိမှန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတွေဆီရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ရေနံချက်ရပ်ကွက်နဲ့ ရေနံချက်စက်ရုံက ဝန်ထမ်းတွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ စက်ရုံနဲ့နီးစပ်သူတွေက ပြောပြပါတယ်။

သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်မှာ ပြီးခဲ့တဲ့မတ်လ (၁၇) ရက်ကလည်း ဒလန်နှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းရှိပါတယ်။

Nway Oo Maung