Spread the love

ရန်ကုန်၊ ဧပြီ (၂၀)

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ကရီမင်နာမြို့ (Kreminna) ကို ရုရှားတပ်တွေ သိမ်းပိုက်လိုက်လို့ ယူကရိန်းတပ်တွေ မြို့ကနေ ဆုတ်ခွာသွားပြီဖြစ်တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့တယ်လို့ Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

“ကရီမင်နာက ရုရှားတွေရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ သူတို့က မြို့ထဲကို ဝင်ရောက်နေကြပြီ။ ကျွန်တော်တို့ရဲ့ ခုခံကာကွယ်သူတွေက ဆုတ်ခွာခဲ့ရပါတယ်။ သူတို့တွေက နေရာအသစ်မှာ အကာအကွယ်ယူပြီး ရုရှားတပ်ကို ဆက်လက်တိုက်ခိုက်နေကြပါတယ်” လို့ လူးဟန့်စ်ခ် (Luhansk) ဒေသရဲ့ အုပ်ချုပ်ရေးမှူး ဆာဟီရ် ဂိုင်ဒိုင် (Serhiy Gaidai) က ပြောပါတယ်။

ကိယက်ဗ်မြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၀၀ (၆၂ မိုင်) အကွာ လူပေါင်း ၁၈,၀၀၀ ကျော် နေထိုင်တဲ့ ကရီမင်နာမြို့ဟာ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေရဲ့ ထိုးစစ်အသစ်နဲ့ ပထမဆုံး သိမ်းပိုက်ခံခဲ့ရတဲ့ မြို့ဖြစ်ပါတယ်။

“အရပ်သားလူဦးရေကြားထဲမှာ သေဆုံးခဲ့တဲ့အရေအတွက်ကို တွက်ချက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့မှာ တရားဝင်စာရင်းဇယားတွေအရ သေဆုံးသူ ၂၀၀ လောက်ရှိပေမယ့် လက်တွေ့မှာ နောက်ထပ်သေဆုံးသူ အရေအတွက် ဘယ်လောက်ရှိနေပြီလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ရုရှားတပ်ဖွဲ့တွေက ဘက်ပေါင်းစုံက တိုက်ခိုက်ခဲ့တာဖြစ်တယ်။” လို့ အုပ်ချုပ်ရေးမှူး ဆာဟီရ် ဂိုင်ဒိုင် က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က အထူးစစ်ဆင်ရေး စတင်လုပ်ဆောင်ခဲ့တဲ့ ရုရှားနိုင်ငံက အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတာကို ငြင်းဆိုထားပြီး ရုရှားတပ်ဖွဲ့တွေ ပြန်လည်စုဖွဲ့ပြီး ယူကရိန်းအရှေ့ပိုင်းကို ဦးတည်တဲ့ ထိုးစစ်သစ်တစ်ခု စတင်ခဲ့တယ်လို့ ယူကရိန်းက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း- https://www.reuters.com/world/europe/russian-forces-seize-city-kreminna-east-ukraine-regional-governor-says-2022-04-19/?fbclid=IwAR0iV_dUOOo3jFPrDS4GSG6GmIqEUF67Bgpb1QXkcGXAqykq3axOQPWEQKw