Spread the love

ရန်ကုန်၊ ဧပြီ (၂၂)

ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံရဲ့ အဆောက်အဦးတွေ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုက အကြမ်းဖျင်းအနေနဲ့ ဒေါ်လာ ၆၀ ဘီလျံအထိ ရှိနေပြီး စစ်ပွဲ ဆက်လက်ဖြစ်ပွားမယ်ဆိုရင် ပိုမိုမြင့်တက်လာမှာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ‌ ဒေးဗစ် မယ်ပက်စ် က ပြောပါတယ်။

ဒေးဗစ်က ယူကရိန်းရဲ့ ဘဏ္ဍာရေးအကူအညီ လိုအပ်မှုဆိုင်ရာ ကမ္ဘာ့ဘဏ် ညီလာခံတစ်ခုမှာ အခုလို ပြောဆိုလိုက်တာပါ။

“ဟုတ်ပါတယ်.. စစ်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပါ။ ဒါကြောင့် ဒီကုန်ကျစရိတ်တွေက မြင့်တက်နေပါတယ်။” လို့ ဒေးဗစ်က ပြောပါတယ်။

ကမ္ဘာ့ဘဏ် ဥက္ကဌ‌ ဒေးဗစ် ရဲ့ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းချက်မှာ ယူကရိန်းစစ်ပွဲရဲ့ စီးပွားရေးကုန်ကျစရိတ်တွေ မပါဝင်ပါဘူး။

ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီး ကလည်း အဲဒီညီလာခံကို အွန်လိုင်းကတဆင့် တက်ရောက်ခဲ့ပြီး ရုရှားကျူးကျော်မှုကြောင့်ဖြစ်တဲ့ စီးပွားရေးဆုံးရှုံးမှုတွေအတွက် ယူကရိန်းက တစ်လကို ဒေါ်လာ ၇ ဘီလျံ လိုအပ်တယ်လို့ သမ္မတ ဇယ်လန်းစကီးက ပြောပါတယ်။

နောက်ပိုင်းကျရင် ပျက်စီးဆုံးရှုံးတာတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ဒေါ်လာ ဘီလျံရာနဲ့ချီ လိုအပ်မယ်။ ကမ္ဘာဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အပါအဝင် အခြားနိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကနေ ရုရှားကို ချက်ခြင်း ဖယ်ထုတ်ဖို့ လိုအပ်တယ်။ နိုင်ငံအားလုံးက ရုရှားနိုင်ငံနဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့ ချက်ခြင်း ပြင်ဆင်ရမယ်လို့လည်း သူက ပြောခဲ့ပါတယ်။

စစ်ပွဲအပြီး ယူကရိန်းကို ပြန်လည်တည်ဆောက်ရာမှာ ကူညီဖို့နဲ့ တခြားနိုင်ငံတွေ ခံစားခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ပေးဆောင်ဖို့အတွက် ရုရှားပိုင်ဆိုင်မှုတွေကို ပိတ်ဆို့အရေးယူဖို့ နိုင်ငံတွေအားလုံးကို သမ္မတဇယ်လန်းစကီးက တောင်းဆိုခဲ့ပါတယ်။

အမေရိကန် ငွေတိုက်အတွင်းရေးမှူး ဂျနက်ရဲလ်လန် က “ယူကရိန်းက ပြန်လည်တည်ဆောက်ရေးကုန်ကျစရိတ်တွေက များလာမယ်ဆိုတာ ရှင်းပါတယ်။ ယူကရိန်းတည်ဆောက်ရေးအတွက် လိုအပ်တဲ့အရာတချို့ကို ကူညီပေးဖို့ ရုရှားကို နည်းလမ်းတစ်ခုခုရှာပေးတာက ကျွန်မတို့ လုပ်ဆောင်ရမယ့် အရာပါပဲ။” လို့ သူက ပြောပါတယ်။

ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ဖို့အတွက် အမေရိကန်နိုင်ငံက သိမ်းယူထားတဲ့ ရုရှားဗဟိုဘဏ်ရဲ့ အရန်ငွေတွေကို အသုံးပြုတာက နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆွေးနွေးသဘောတူချက်တွေ လိုအပ်မယ့် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်လိမ့်မယ်လို့ ဂျနက်က သတိပေးခဲ့ပါတယ်။

ညီလာခံကို လူကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ယူကရိန်းဝန်ကြီးချုပ် ဒီနီစ် ရှမီဟယ်ကတော့ ယူကရိန်းရဲ့ GDP က စုစုပေါင်းဆုံးရှုံးမှု တန်ဖိုး ဒေါ်လာ ၅၆၀ ဘီလျံနဲ့ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။

အဲဒီစုစုပေါင်းဟာ ၂၀၂၀ ခုနှစ်က ဒေါ်လာ ၁၅၅.၅ ဘီလျံရှိတဲ့ ယူကရိန်းရဲ့ စီးပွားရေးအရွယ် အစားထက် သုံးဆပိုများတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ဒေတာအချက်အလက်တွေအရ သိရပါတယ်။

“ကျွန်တော်တို့ ဒီစစ်ပွဲကို အတူတကွ မရပ်တန့်ဘူးဆိုရင် ဆုံးရှုံးမှုတွေ သိသိသာသာ တိုးလာမှာပါ”လို့ ယူကရိန်းဝန်ကြီးချုပ်က ပြောသွားခဲ့ပါတယ်။

Anna

Ref: Reuters “World Bank estimates Ukraine physical damage at roughly $60 billion so far”