Spread the love

ရန်ကုန်၊ဧပြီ(၂၂)

နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။

မနေ့ ဧပြီ(၂၁)ရက်နေ့မှာ နိုင်ငံခြားသတင်းဌာနတွေက သတင်းထောက်တွေနဲ့ ဗီဒီယိုကွန်ဖရင့် က တွေ့ဆုံချိန်မှာ သူက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့ ရည်မှန်းထားတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးသွားမှာဖြစ်ပြီး နိုင်ငံကိုတည်ငြိမ်အောင် ဆောင်ရွက်နေပါတယ်လို့ သူက ပြောပါတယ်။

တစ်နိုင်ငံလုံးကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဆောင်ရွက်နိုင်ပေမယ့် ဧရိယာကျယ်ပြန့်တဲ့ စစ်ကိုင်းတိုင်းလို့ နေရာတွေမှာသာ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့ သူက ဝန်ခံပြောဆိုခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုတည်ထောင်ခဲ့တဲ့ တစ်နှစ်ပြည့်တဲ့ ဧပြီလ(၁၆)ရက်နေ့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ က နယ်မြေတော်တော်များများကို လွတ်မြောက်နယ်မြေအဖြစ် ဖန်တီးနိုင်တော့မှာဖြစ်ပြီး ပြည်သူတွေ အောင်ပွဲခံဖို့အချိန်ကလဲ တနေ့ထက်တနေ့ နီးကပ်လာပြီလို့ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း ကတော့ စစ်ကိုင်းတိုင်းမှာ ပစ်ခတ်မှုအနည်းငယ်ရှိပေမယ့် ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ လုံခြုံရေးနဲ့ပတ်သက်ပြီး ကြီးကြီးမားမား ဖြစ်ပျက်နေတာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

လင်းပိုင်