ရန်ကုန်၊ဧပြီ (၂၂)
စစ်တပ်ကို ဝေဖန်ခဲ့တဲ့ ဗိုလ်မှုးကြီး အငြိမ်းစား အောင်မြင်သူ ကို မနေ့ည (၁၀) နာရီမှာ စစ်တပ်က တောင်ဥက္ကလာပမှာ ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ (၇)ရပ်ကွက်၊ မင်းရဲကျော်စွာ (၉) လမ်းမှာ နေထိုင်တဲ့ ဗိုလ်မှုးကြီး(အငြိမ်းစား) အောင်မြင်သူကို စစ်တပ်က မနေ့ည (၁၀) နာရီမှာ ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူပြည်သူတစ်ဦးက C8 News ကိုပြောပါတယ်။
“အုပ်ချုပ်ရေးမှုးက အိမ်လိုက်ပြတာ ကားတွေအများကြီးနဲ့ လာတာ (၉)လမ်းထဲမှာ ပါသွားတာ မိသားစုဝင်တချို့လဲ ပါသွားတယ်”လို့ သူက ပြောပြပါတယ်။
စစ်တပ်ဟာ မနေ့ညက တောင်ဥက္ကလာမြို့နယ်၊ (၇)ရပ်ကွက်က လမ်းတချို့ကိုလည်း စစ်ဆေးခဲ့သေးတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက “သူက အာဏာသိမ်းတာ မှားတဲ့အကြောင်း ဒေါ်စုကို ပြန်လွှတ်ပေးဖို့ ပြောခဲ့တာကြောင့် ဖမ်းခံရတာ” လို့ ပြောပါတယ်။
လက်တလောမှာတော့ အငြိမ်းစားဗိုလ်မှုးကြီးဟောင်း နဲ့ မိသားစုကို ဘယ်ကိုခေါ်ဆောင်သွားတယ် ဆိုတာကို မသိရတဲ့အတွက် ဆွေမျိုးတွေက စိတ်ပူပန်နေကြပါတယ်လို့ မိသားစုတွေနဲ့ နီးစပ်သူတစ်ဦးက C8 News ကို ပြောပြပါတယ်။
“မိသားစုလည်း ပါသွားတယ်ဆိုတော့ ဘယ်နှစ်ယောက်ပါသွားလဲဆိုတာ မသိတာ လက်တလောလိုက်ပြီး စုံစမ်းနေတုန်း” လို့ သူက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ရဲ့လုပ်ရပ်တွေကို ဝေဖန်ခဲ့တဲ့ အရာရှိစစ်သည်တွေကို ဖမ်းဆီးခဲ့တဲ့ သာဓကများစွာ ရှိပါတယ်။
ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြလူငယ်တွေကို ကားနဲ့တိုက်ပြီး ဖမ်းတာကို ဝေဖန်ခဲ့တဲ့ အင်းစိန် CID က ရဲမှုးကြီး ဇော်ဝင်း ကို ဖေဖော်ဝါရီလက ဖမ်းဆီးပြီး မတ်လမှာ ထောင်သုံးနှစ်ချကာ ရမည်းသင်းအကျဉ်းထောင် ကို ပို့ခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
Nway Oo Maung