Spread the love

ရန်ကုန်၊ မေ (၁)

မူးယစ်ဆေးဝါး သားကောင်တွေ ကျက်စားရာနေရာကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့လို့ သေနတ်တစ်လက်၊ ဓါးတစ်လက်၊ WY အလုံး (၁၉၀)၊ ပိုက် နဲ့ လုံးချင်း (၁၃၀) ပါ အထုတ် တစ်ထုတ် ကို သိမ်းဆည်းရမိခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မနေ့ ည (၉) နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ရှိတဲ့ မူးယစ်သားကောင်တွေ ကျက်စားရာ နေရာကို သူတို့အဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပါ။

“မူးယစ်သားကောင်များသည် စစ်ကောင်စီ၏ အလိုတော်အတိုင်း အသုံးချခံထားရပြီး ဆင်ခြင်တုံးတရား ကင်းမဲ့ခြင်းများစွာ ဖြစ်တည်နေသည်ကို” သိရတယ်လို့ သူတို့အဖွဲ့က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

လောင်းလုံမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးတွေ ဆက်လက် ရောင်းဝယ်သုံးစွဲမယ်ဆိုပါက ထပ်မံ သတိပေးတားမြစ်တာတွေ ပြုလုပ်တော့မှာ မဟုတ်ဘဲ အမြစ်ပြတ်ချေမှုန်းသွားမှာ ဖြစ်တယ်လို့ သူတို့အဖွဲ့က မနေ့ညပိုင်း ထုတ်ပြန်ချက်မှာ သတိပေး ပြောကြားထားပါတယ်။

ဧပြီ (၂၉) ရက်နေ့က လောင်းလုံမြို့နယ်၊ စစ်ဗြဲကျေးရွာက လောင်းကစားဝိုင်းကို အသံဗုံး ဖောက်ခွဲကာ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတိပေး တားမြစ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

Sakura