Spread the love

ရန်ကုန်၊ မေ (၆)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့က လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးညိုထွန်းဇော် နဲ့ ဦးတင်သိန်း တို့နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ သွေးသောက်အဖွဲ့က ကားနဲ့လာရောက် ဖမ်းခေါ်သွားကာ သတ်ပစ်ပြီး လမ်းဘေးမှာ ပစ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူတို့က ပါတီဝင်လဲ မဟုတ်ဘူး၊ အမာခံလဲ မဟုတ်ဘူး၊ ထောက်ခံတဲ့သူတွေ နှစ်ယောက်လုံးက သာမန်လက်ဖက်ရည်ဆိုင်ပိုင်ရှင် နှစ်ယောက်ပဲ၊ သူတို့က အေးဆေးဆေးနေတတ်တယ်၊ အခုက သူတို့ကို ဒီလိုလုပ်တယ်ဆိုတာ၊ ဘာမှနားမလည်တဲ့သူတွေကို သတ်ဖြတ်တယ်လို့ပဲ ထင်တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်က ရွှေကျောက်ဆည် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်သိန်း နဲ့ တံတားလယ်ရပ်ကွက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင် ပိုင်ရှင်ဦးညိုထွန်းဇော် တို့ကို မေလ (၅) ရက်နေ့ ညနေပိုင်းက အိမ်စီးကား၊ အရပ်ဝတ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လာရောက်ခေါ်ဆောင်သွားခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ သွေးသောက်အဖွဲ့ဟာ ဦးညိုထွန်းဇော် နဲ့ ဦးတင်သိန်း တို့ကို ဖမ်းခေါ်သွားပြီးနောက် မေလ (၅) ရက်နေ့ ညပိုင်းက စဉ့်ကိုင်-ပလိပ်လမ်းဟောင်းမှာ သူတို့နှစ်ဦးကို ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး လည်ပင်းမှာလည်း သွေးသောက်အဖွဲ့ ရဲ့ လည်ဆွဲကဒ် ချိတ်ဆွဲထားတာကို တွေ့မြင်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီ (၂၄) ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီးက စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်း တို့လင်မယားနှစ်ဦးကို သွေးသောက်အဖွဲ့ဟာ ဖမ်းဆီးသွားခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ ဦးခင်မောင်သိန်းကို မသေမချင်း ဓါးနဲ့ထိုးသတ်ခဲ့သလို ဇနီးဖြစ်သူ ဒေါ်ခ ကိုလည်း ရိုက်နှက်ခဲ့လို့ အပြင်းအထန် ဒဏ်ရာတွေ့နဲ့ ပြန်လည်တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။

ဆောင်းဦး