Spread the love

ရန်ကုန်၊ မေ (၆)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ သကျက်တောကျေးရွာက သကျက်တောရဲစခန်းကို လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

မနေ့ ည (၁၀) နာရီကျော်က သကျက်တောရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား အပြန်အလှန် ပစ်ခတ်မှု (၆) နာရီကျော်ကြာခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒီနေ့ မနက်ပိုင်း ဖော်ပြချက်အရ သိရပါတယ်။

မနေ့ မေလ (၅) ရက်နေ့ဟာ အမျိုးသားညီညွတ်ရေးအစိုး၊ ကာကွယ်ရေးဝန်ကြီးရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အခုလို သကျက်တောရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

အခုမနက်ပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီတပ်သား နဲ့ ရဲတွေရဲ့ ထိခိုက်သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးဘူး လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကလည်း “ရဲဘော်တို့ရဲ့ စွမ်းဆောင်မှုကြောင့် တစ်နေ့တခြား အင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီတပ်ဟာ စိတ်ဓါတ်အရလည်း ဖရိုဖရဲပြိုကွဲနေပြီဆိုတာ သိသာတယ်။ ဒီအချိန်မှာ ရန်သူကို အနားမပေးဘဲ ပြည်သူ့ရှေ့မှောက်မှာ စစ်အာဏာရှင်တွေ ဒူးထောက်အညံ့ခံရတဲ့ အချိန်အထိ အဆက်မပြတ် အရှိန်မြင့် တိုက်ခိုက်ကြဖို့ အချိန်ဟာ ရောက်ရှိလာပြီ” လို့ သူက PDF တည်ထောင်တာ တစ်နှစ်ပြည့်တဲ့နေ့မှာ အခုလို ပြောဆိုခဲ့ပါတယ်။

ဒီနေ့ မေ (၆) ရက်နေက စတင်ကာ မေ (၈) ရက်နေ့အထိ (၃) ရက်ကြာ မိဘပြည်သူတွေအနေနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်းကို မော်တော်ကား၊ ဆိုင်ကယ်တွေနဲ့ ခရီးသွားလာတာ လုံး၀ (လုံးဝ) မပြုလုပ်ဖို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မနေ့ညပိုင်းက သတိပေးထုတ်ပြန်ထားပါတယ်။

Sakura