Spread the love

ရန်ကုန်၊ မေ (၉)

သွေးသောက်အဖွဲ့တွေ ခြိမ်းခြောက်ပြောဆိုသလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် USDP တွေကို ပစ်မှတ်ထားရှင်းလင်းမှာ မဟုတ်သလို တခြား မည်သည့်ပါတီဝင် ဖြစ်ပါစေ၊ အပြစ်မဲ့သူ ဖြစ်ပါက အနှောက်အယှက်ပေးမှာ မဟုတ်ဘူးလို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံက ဒီနေ့မှာ ကတိပေးပြောကြားလိုက်ပါတယ်။

“ပါတီစွဲ၊ ခံစားချက်စွဲ၊ ပုဂ္ဂိုလ်စွဲတို့ဖြင့် တော်လှန်တိုက်ခိုက်နေခြင်း မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကိုသာ တော်လှန်ကြောင်း မိဘပြည်သူများအား သိရှိနားလည် စေချင်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် မည်သည့် ပါတီဝင်ဖြစ်၍၊ မည်သူဖြစ်နေ၍ စသည့် အကြောင်းပြချက်ဖြင့် ကိုင်တွယ် ဖြေရှင်းမည် မဟုတ်ဘဲ စစ်အာဏာရှင် အား မည်ရွေ့ မည်မျှ ထောက်ပံ့ အားပေးနေသည်၊ စစ်အာဏာရှင် တော်လှန်ရေးအား မည်မျှ အနှောက်အယှက်ပေးနေ သည် စသည့် အချက်များကို မူတည်၍ ကိုင်တွင် ဖြေရှင်းသွား” မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းက သွေးသောက်အဖွဲ့တွေအနေနဲ့ အခုရက်ပိုင်းအတွင်း အပြစ်မဲ့ ပြည်သူများတွေကို ခြိမ်းခြောက်နေတဲ့ အဖြစ်အပျက်တွေကို ကြားသိရလို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ က တုံ့ပြန်ပြောဆိုလိုက်တာပါ။

သွေးသောက်အဖွဲ့တွေရဲ့ ဖော်ပြချက်မှာ “ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့များမှ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် စစ်အာဏာရှင် တော်လှန်ရေးကို မထောက်ခံသူများအား ပစ်မှတ်ထားကာ ရှင်းပစ်နေကြောင်း၊ ၎င်းတို့ သွေးသောက်အဖွဲ့မှလည်း NLD အဖွဲ့ဝင်များ၊ PDFအဖွဲ့ဝင်များ၊ ၎င်းတို့နှင့် ပတ်သက်သော မိသားစုဝင်များ၊ ထောက်ပံ့ပေးနေသူများကို ပစ်မှတ်ထား ရှင်းလင်း မည် ဖြစ်ကြောင်း” စတဲ့အချက်တွေ ပါဝင်နေတာကို တွေ့ရတယ်လို့ သူတို့က ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေဟာ USDP ပါတီဝင်တွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထား ရှင်းလင်းမှာဖြစ်လို့ မဟုတ်မမှန်ပြောဆိုကာ သွေးသောက်အဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်သင့်ကြောင်း၊ သွေးသောက်အဖွဲ့ဝင် ဖြစ်လာစေဖို့ကိုလည်း သိမ်းသွင်း စည်းရုံးသိမ်းသွင်းနေတာမျိုးတွေ ရှိနေပါတယ်။

သွေးသောက်အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ (၅) ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့က လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးညိုထွန်းဇော် နဲ့ ဦးတင်သိန်း ကားနဲ့လာရောက် ဖမ်းခေါ်သွားကာ သတ်ပစ်ပြီး လမ်းဘေးမှာ ပစ်ထားခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။

Sakura