Spread the love

ရန်ကုန်၊မေ (၁၇)

စစ်တပ်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရှမ်းဒိုးတန်းကျေးရွာအတွင်းက လုပ်ငန်းရှင်တွေကို အယောင်ပြဖမ်းဆီးကာ ဒဏ်ငွေသိန်းချီ တောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ပြီးခဲ့တဲ့ ရက်က ရွာမှာ ပရဘောဂလုပ်တဲ့အိမ်ကို ဝင်ဖမ်းတယ် နိုင်ငံရေးနဲ့လည်း ပတ်သတ်မှုမရှိဘူး။ တောင်းပန်တာ ဘယ်လိုမှမရဘူး။ နောက်ဆုံးသိန်းနှစ်ဆယ်ပေးမှ ပြန်လွှတ်ပေးတယ်” လို့ ဒေသခံတစ်ဦးက ရွာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။

ညောင်လေးပင်မြို့နယ်၊ ကျေးရွာတချို့က ဒလန်ကိုယ်တိုင်ကလည်း စစ်တပ်ကိုခေါ်လာကာ လာရောက်ဖမ်းဆီးခိုင်းပြီး ဒဏ်ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ကျော်ဌေးဆိုတဲ့အကောင်ပါတယ်။ သေနတ်နဲ့ ရဲမပါဘူး။ လာဖမ်းတာက သူ့ဆရာ ညောင်လေးပင်တပ်နယ်က ဗိုလ်ကြီးသက်မောင်။” လို့ သူက ပြောပါတယ်။

ညောင်လေးပင်တပ်နယ်က တပ်ရေးဗိုလ်ကြီးသက်မောင်ဆိုသူဟာ စစ်ကောင်စီက အရာရှိအချင်းချ
င်းစကားများရာမှာလည်း အငြိမ်းစား ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နာမည်ကိုသုံးလေ့ရှိတယ်လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက C8 News ကို ပြောပါတယ်။

“ရာထူးတူရင်တောင် ငါကသန်းရွှေစစ်သားကွ မင်းတို့ကမင်းအောင်လှိုင်စစ်သားကွ ဆိုပြီး မထီမဲ့မြင်ပြောတာ တပ်နယ်မှုးကအစ ပြန်မပြောရဲဘူး လုပ်စားနေတာ” လို့ သူက ပြောပါတယ်။

ဗိုလ်ကြီးသက်မောင်အဖွဲ့ဟာ ညောင်လေးပင်မှာသာမက ဒိုက်ဦး၊ ကျောက်တံခါး၊ ကညွတ်ကွင်းဘက်က လုပ်ငန်းရှင်တွေကိုပါ ဖမ်းဆီးဒဏ်ငွေရိုက်တာတွေရှိလို့ တပ်ထောက်ခံနေသူတွေက ဒေါသထွက်ကြတယ်လို့ ဒိုက်ဦးမြို့ခံတစ်ဦးက C8 News ကို ဖြေကြားပါတယ်။

“အဘဘောမတွေပါ စိတ်တိုနေတယ် သူတို့ကိုပါလုပ်လို့ ” လို့ ပြောပါတယ်။

လက်တလောမှာ စစ်ကောင်စီထောက်ခံသူတချို့ဟာ ညောင်လေးပင်တပ်နယ်က တပ်ရေးဗိုလ်ကြီးသက်မောင် နဲ့ အုပ်စုကို အရေးယူ တိုင်ကြားဖို့ လုပ်နေတယ်လို့ သိရပါတယ်။

Nway Oo Maung