Spread the love

ရန်ကုန်၊ မေ (၁၈)

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့က KTV တစ်ခုမှာ ဒုရဲအုပ် အောင်မွန်ဟိန်း မူးယစ်သောက်စားပြီး အိပ်ပျော်သွားချိန် သေနတ်၊ ကျည်ဆံ၊ ဖုန်း နဲ့ ပိုက်ဆံတချို့ အခိုးခံရလို့ မြို့အတွင်းက နေရာတချို့မှာ ပိတ်ဆို့ ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူနဲ့ အပေါင်းအပါတွေက မြို့ရှောင်လမ်းက Spider KTV မှာ မူးယစ်သောက်စားပြီး အိပ်ပျော်နေချိန် ပျောက်သွားတာ၊ သူတို့က (၁၅) ရက်နေ့ ညသွားတာ၊ (၁၆) ရက်နေ့ မနက်ထိပဲလို့ ကြားတယ်။အဲ့ဒါလည်းပျောက်မှန်းသိရော ပြည်တစ်မြို့လုံးအကုန် စိစစ်ရှာနေတာပဲ။ပြန်တွေ့တယ်တော့ မကြားမိဘူး။” လို့ ပြည်မြို့ဒေသခံတစ်ဦးက ပြောပါတယ် ။

ပြည်မြို့မင်းကြီးတောင်ပေါ်မှာ တာဝန်ကျနေတဲ့ အမှတ် (၂) ရဲစခန်းက ဒုရဲအုပ် အောင်မွန်ဟိန်း ဆိုသူဖြစ်ပြီး အခိုးခံလိုက်ရတာတွေကတော့ ပစ္စတိုသေနတ် တစ်လက်၊ ကျည် (၆) တောင့်၊လက်ကိုင်ဖုန်းတစ်လုံးနဲ့ ငွေသား (၂) သိန်း ဖြစ်တယ်လို့ သိရပါတယ် ။

ပစ္စည်းတွေ ပျောက်မှန်းသိသိချင်း KTV က မန်နေဂျာနဲ့ ဝန်ထမ်းတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့သလို မနေ့ မေလ (၁၇) ရက်နေ့မှာ ပြည်မြို့တွင်းပိတ်ဆို့ပြီး စစ်ဆေးရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။

ပြည်မြို့မှာ မနက်ပိုင်းဆိုရင် မူယာပင်ပန်းခြံ အရှေ့မှာ ရဲတွေက နေ့တိုင်း စစ်ဆေးတာတွေလုပ်လို့ ဆိုင်ကယ်တွန်းပြီး သွားရသလို၊ ညဘက်ရောက်ပါက ပြည်မြို့အဝင် စစ်ဆေးရေးဂိတ်ရှေ့ကို ဖြတ်သွားပါက ဆိုင်ကယ်၊ စက်ဘီးဆင်းတွန်း ဖြတ်ရသလို ဆိုင်ကယ်မီးလည်း မှိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပြတယ်။

ပြည်မြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ တွေဟာ သူတို့မထင်ရင် မထင်သလို ဖုန်းစစ်တာတွေလည်း ရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

CC