Spread the love

ရန်ကုန်၊ မေ (၁၈)

မြန်မာနိုင်ငံအတွင်းမှာ အမှန်တကယ် ငြိမ်းချမ်းရေးကို ရယူလိုပါက မင်းအောင်လှိုင် တစ်ဦးထဲရဲ့ ရူးသွပ်တဲ့ စိတ်ဆန္ဒတစ်ခုထဲအပေါ် အခြေခံပြီး လုပ်ဆောင်မယ်ဆိုပါက အောင်မြင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားပါတယ်။

“မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုက တရားမဝင်သည့်အပြင် အဖြေရရှိမှာ မဟုတ် ဘူး” လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးမှာ သူက ပြောပါတယ်။

ပြည်သူလူထု အားလုံးကို ကိုယ်စားပြုတဲ့ NUG၊ NUCC၊ နဲ့ CRPH အပါအဝင် တခြားပါသင့်ပါထိုက်တဲ့ လူထုကိုယ်စားပြုသူတွေ ပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်ဖို့လိုအပ်သလို ASEAN ဘုံသဘောတူညီချက် (၅) ချက်နဲ့ အညီဆောင်ရွက်ဖို့လည်း လိုအပ်ပြီး အမေရိကန်၊ ဥရောပ သမ္ဂဂ္ဂ နိုင်ငံတွေ အပါအဝင်၊ ကမ္ဘာ့ ကုလသမ္မဂ္ဂရဲ့ မူဝါဒသဘောထားတွေနဲ့ အညီ လိုက်နာလုပ်ဆောင်မှသာ အဖြေရရှိမှာ ဖြစ်တယ်လို့ သူက ပြောကြားပါတယ်။

NUG အနေနဲ့ Charterပါ နိုင်ငံရေးရည်မှန်းချက်၊ လမ်းပြမြေပုံများနဲ့အညီ အောင်မြင်မှုပန်းတိုင် ရောက်အောင် ဆက်လက်ချီတက် သွားကြမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကလည်း “စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန်ဆိုတဲ့ ဖိတ်ခေါ်ကမ်းလှမ်းခြင်းကို ငြင်းပယ်ပြီး အများပြည်သူ အကျိုးအတွက်၊ မြန်မာပြည်သူတွေ အကျိုးအတွက် အစဉ်တစိုက် ရပ်တည်ပေးကြတဲ့ တိုင်းရင်းသား ERO အဖွဲ့များကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီတော်လှန်ရေးဟာသမိုင်းမှာ မရှိခဲ့ဖူးတဲ့ သွေးစည်းညီညွတ်မှုတွေနဲ့ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေ၊ တိုင်းရင်း သားတွေ အားလုံး စုစုစည်းစည်းနဲ့ စစ်အာဏာရှင်တွေကို တိုက်ထုတ်နေတဲ့ တော်လှန်ရေးဖြစ်တာမို့ အောင်မြင်မှုတွေဟာ မလွဲမသွေ ရောက်ရှိလာတော့မယ် ဆိုတာကိုလည်း ရဲရဲဝံ့ဝံ့ ယုံကြည်နေတယ်။” လို့ သူက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြန်ဆုံး လုပ်ဆောင်မယ်လို့ ပြောကြားခဲ့ပါသေးတယ်။

“ဆွေးနွေးပွဲကတော့ ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ ဒီ EAO အဖွဲ့တွေ သူတို့ အဆင်ပြေနိုင်တဲ့ အချိန်ကိုပဲ ကျွန်တော်တို့က ဦးစားပေးပြီး စဉ်းစားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အမြန်ဆုံး ဆွေးနွေးသွားဖို့ ရည်မှန်းထားတယ်” လို့ သူက ပြောပါတယ်။

အခုချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ထိုးပြီးသားအဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်မရေး ထိုးထားရသေးတဲ့ အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့ တက်ရောက်မယ် ဆိုတဲ့ စာရင်းပေးမှုကို စစ်ကောင်စီက လက်ခံရရှိထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ (၇) ဖွဲ့မှာ DKBA၊ KNU – KNLA/PC၊ PNLO၊ NMSP၊ ALP၊ RCSS(SSA) နဲ့ LDU အဖွဲ့တို့ဖြစ်ပြီး NCA မထိုးရသေးတဲ့ (၃) ဖွဲ့မှာ UWSA၊ NDAA နဲ့ SSPP(SSA) တို့ ဖြစ်ပါတယ်။

Sakura