Spread the love

ရန်ကုန်၊ မေ (၁၈)

အမေရိကန်နိုင်ငံကို ရောက်ရှိနေချိန် လူပုံအလယ်မှာ ဖိနပ်နဲ့ ပစ်ပေါက်ခံရတာဟာ ပြဿနာအသေးအမွှား မဟုတ်ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က ပြောဆိုလိုက်ပါတယ်။

မနေ့ မေလ (၁၇) ရက်နေ့မှာ Voluntary Youth Doctor Association (TYDA) အဖွဲ့က လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလိုမျိုးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“လူပုံအလယ်မှာ ဖိနပ်နဲ့ ပစ်ပေါက်တာက ပြဿနာအသေးအမွှား မဟုတ်ဘူး။ ဖိနပ် နဲ့ ပစ်ပေါက်မှုဟာ အကြမ်းဖက်မှုလား ဒါမှမဟုတ် လွတ်လပ်စွာ ထုတ်ဖော်ခွင့်လား ဆိုတဲ့ အချက်ကို အမေရိကန် အစိုးရ အလေးနက်ထား စဉ်းစားသင့်တယ်။ တစ်စုံတစ်ဦးကို ဖိနပ်နဲ့ ပစ်ပေါက်လိုက်တာကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်လို့ သတ်မှတ်မယ်ဆိုရင် အမေရိကန်နဲ့ ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်တွေဟာ ပရမ်းပတာဖြစ်ခွင့် ပေးလိုက်သလို ဖြစ်စေမယ်” လို့ သူက ထောက်ပြပြောဆိုလိုက်ပါတယ်။

အာဏာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ဟွန်ဆန်း ဟာ ကမ္ဘောဒီးယားနိုင်ငံကို (၃၆) နှစ်ကြာ အုပ်စိုးနေခဲ့သူဖြစ်ပြီး အမေရိကန်-အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ဝါရှင်တန် မြို့တော်ကို ရောက်ရှိနေချိန်မှာ ကမ္ဘောဒီးယား စစ်မှုထမ်းဟောင်း အုခ်တော့ချ်က လူပုံအလယ်မှာ ဖိနပ်နဲ့ပစ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

သူ့ကိုဖိနပ်နဲ့ပစ်ပေါက်ခဲ့တာနဲ့ ပတ်သက်ပြီး လူပုံအလယ်မှာ ဖိနပ်နဲ့ ပစ်ပေါက်တာဟာ အကြမ်းဖက်မှုလား ဒါမှမဟုတ် လွတ်လပ်စွာ ထုတ်ဖော်ခွင့်လားဆိုတဲ့ အချက်ကို အမေရိကန်အစိုးရ တာဝန်ရှိသူတွေအနေနဲ့ စဉ်းစားစေလိုတယ်လို့ သူက ပြောဆိုလိုက်တာပါ။

ဝန်ကြီးချုပ် ဟွန်ဆန်ကိုဖိနပ်နဲ့ ပစ်ပေါက်ခဲ့သူ စစ်မှုထမ်းဟောင်း အုခ်တော့ချ်က “ကျွန်တော်က ဟွန်ဆမ်ကို ဖိနပ်နဲ့သာပစ်ပေါက်တာပါ။ ဟွန်ဆန်က ကမ္ဘောဒီးယားပြည်သူတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လက်ပစ်ဗုံးတွေနဲ့ ပစ်သတ်ခဲ့သူပါ။ ဟွန်ဆမ်က အာဏာရှင်တစ်ဦးဖြစ်ပြီး ကျွန်တော့် ဆွေမျိုးတွေအပါအဝင် လူအများအပြားကို သတ်ဖြတ်ခဲ့ပါတယ်” လို့ ပြောဆိုထားပါတယ်။

လင်းပိုင်