Spread the love

ရန်ကုန်၊ မေ (၁၇)

ရုရှားတပ်တွေ ဝိုင်းထားတဲ့ Azovstal သံမဏိစက်ရုံက ယူကရိန်းစစ်သားတွေကို ကယ်ထုတ်တဲ့ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါတယ်။

တပ်ဖွဲ့ဝင် (၅၃) ဦးကို ရုရှားထိန်းချုပ်ထားတဲ့ Novoazovsk မြို့လေးက ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဒုဝန်ကြီး ဟန်နာ မယ်ယာက ပြောခဲ့ပါတယ်။

နောက်ထပ် ဒဏ်ရာရ ယူကရိန်းတိုက်ခိုက်ရေးသမား (၂၁၁) ဦးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတွေကနေတဆင့် Olenivka ဒေသကို ခေါ်ဆောင်သွားခဲ့ပါတယ်။ လွတ်မြောက်လာတဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းမိထားတဲ့ ရုရှားစစ်သားတွေနဲ့ လဲလှယ်ထားတာ ဖြစ်ပါတယ်။ “Azovstal မှာ ရှိနေသေးတဲ့လူတွေကို ကယ်ဆယ်ဖို့ ကျွန်မတို့လုပ်ဆောင်နေခဲ့တာပါ” လို့ ဒုဝန်ကြီးက ပြောပါတယ်။ ကျန်ရှိနေတဲ့ လူအရေအတွက်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

စက်ရုံကို အဖြူရောင် ဖော့စဖရတ်ဗုံးတွေနဲ့ ရုရှားတွေ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း ထုတ်ပြန်ပြီးနောက် ကယ်ဆယ်ရေးစစ်ဆင်ရေး ပြုလုပ်ခဲ့တာပါ။ မေလ (၁၆) ရက်နေ့ညက သံမဏိစက်ရုံအတွင်းက ယူကရိန်းစစ်သားတွေနဲ့အတူ ကား (၅) စီး ထွက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ စက်ရုံအတွင်းက ယူကရိန်းတပ်တွေဟာ ရုရှားတပ်တွေကို ခုခံတိုက်ခိုက်ရင်း (၈၂) ရက်ကြာ တောင့်ခံထားခဲ့ကြတာပါ။ အဲဒီအချိန်က ပိတ်မိနေတဲ့ စစ်သားတွေနဲ့ အရပ်သားတွေက စားနပ်ရိက္ခာ၊ ရေ၊ လျှပ်စစ်နဲ့ ဆေးဝါး ပြတ်တောက်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

Ref: Metro “Ukrainian fighters holed up in Azovstal steel plant for two months finally freed”