Spread the love

ဝါး၊ ဓနိနှင့် တာလပတ်အမိုးအကာများဖြင့် အဓိကဆောက်လုပ်ထားသည့် နေအိမ်တဲများကို ယောကျ်ားသားများက ခန္ဓာကိုယ်တွင် အဝတ်ပင်မကပ်နိုင်ပဲ အင်တိုက်အားတိုက် ဖြိုဖျက်နေကြသည်။ နေအိမ်တဲများပေါ်ရှိ တစ်နိုင်သယ်နိုင်သည့် လူသုံးကုန်ပစ္စည်းနှင့် အဝတ်အစားထုပ်များကို အမျိုးသမီးများနှင့် ကလေးငယ်များက လမ်းမပေါ်သို့သယ်ထုတ်နေကြသည်။

ကိုမြင့်နိုင်တို့မိသားစုဝင်များသည်လည်း ထိုနည်းတူစွာ နေအိမ်အတွင်းရှိ ပစ္စည်းများကို သယ်ထုတ်ကာ ၎င်းတို့ နှစ် ၂၀ ခန့်နေလာသည့် နေအိမ်တဲကို ဖြိုဖျက်ခံနေရသည်။

နေအိမ်တဲများအတွင်းမှ လူသုံးကုန်ပစ္စည်းများကို လက်တွန်းလှည်း၊ ဆိုက်ကားတို့ပေါ်တင်ကာ နီးစပ်ရာဆွေမျိုး များထံခေတ္တနေထိုင်ရန် ရွှေ့ပြောင်းကြသူများရှိသလို အချို့မှာ ၎င်းတို့ဆွေမျိုးများရှိသည့် အခြားဒေသများသို့ ပြောင်းရွှေ့ခဲ့ကြရသည်။

နေအိမ်တဲများအတွင်းမှ လူသုံးကုန်ပစ္စည်းများကို လက်တွန်းလှည်း၊ ဆိုက်ကားတို့ပေါ်တင်ကာ နီးစပ်ရာဆွေမျိုး များထံခေတ္တနေထိုင်ရန် ရွှေ့ပြောင်းကြသူများရှိသလို အချို့မှာ ၎င်းတို့ဆွေမျိုးများရှိသည့် အခြားဒေသများသို့ ပြောင်းရွှေ့ခဲ့ကြရသည်။

မိသားစုဝင်များသည့် ကိုမြင့်နိုင်တို့မိသားစုသည် ထိုနည်းတူစွာ နေရာသစ်သို့ ပြောင်းရွှေ့ရန် လုံးပန်းနေကြရသည်။

နေအိမ်တဲများ ဖြိုဖျက်နေသူများသည် လှိုင်မြို့နယ်အတွင်း မိလ္လာကန် မပြုလုပ်ဖြစ်လိုက်သည့် ဝင်းအတွင်းကျူးကျော် ဆောက်လုပ်နေထိုင်ကြသူများဖြစ်ပြီး အဆိုပါဝင်းအတွင်း ကျူးကျော် ဆောက်လုပ်နေထိုင်သည့် အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိသည်။

၂၀၂၂ ခုနှစ်သို့ ကူးပြောင်းသည့် New Year ညတွင် ကိုမြင့်နိုင်တို့နေထိုင်သည့် ကျူးကျော်ဝင်းအတွင်းသို့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများမှလွဲ၍ အိမ်ရှိလူကုန်ဆွဲချကာ ကားလမ်းမပေါ်တွင် တန်းစီ၍ ဝမ်းလျားမှောက်ခိုင်းပြီး ရိုက်နှက်ခဲ့ကြသည်ဟု အဆိုပါဝင်းအတွင်း နေထိုင်သူများက ဆိုသည်။

“လမ်းမပေါ်တန်းစီ မှောက်ခိုင်းထားတဲ့ လူတန်းက ပေ ၂၀၀ လောက်ရှိတယ်။ ပြီးတော့ ဆန္ဒပြတဲ့အထဲမှာ မင်းတို့ပါတယ် မှတ်လားဆိုပြီး စစ်သားတွေက တစ်ယောက်တစ်လှည့်စီ ရိုက်ကြတာ”ဟု အဆိုပါ ကျူးကျော်ဝင်းအတွင်း နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ၎င်းကျောပြင်က အညိုမဲစွဲနေသည့် ဒဏ်ရာကိုပြသ၍ ပြောသည်။
ထိုသို့ရိုက်နှက်ပြီး နောက်တစ်ရက်မှာတော့ ကိုမြင့်နိုင်တို့ နေထိုင်သည့် ကျူးကျော်ဝင်းအတွင်းက နေအိမ်များကို ၂ ရက်အတွင်း ဖျက်ပေးရန် စစ်ကောင်စီအဖွဲ့က စာလာကပ်တော့သည်။

ကိုမြင့်နိုင် တို့ ကျူးကျော် နေထိုင်သည့်ဝင်းကို စာလာမကပ်မီ အချိန်များကပင် အာဏာသိမ်းစစ်ကောင်စီက ကားလမ်းမကြီးများဘေးတွင် ကျူးကျော်နေထိုင်သူများကို ဆက်တိုက်ဆိုသလို အင်းအားသုံးရှင်းလင်းခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၈ လအကြာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း လှိုင်သာယာမြို့နယ်၊ ဘုရင့် နောင်ခုံးတံတားအောက်ရှိ ကျူးကျော်နေအိမ်များနှင့် ရန်ကုန် – ပုသိမ်ကားလမ်းမဘေးတွင် ကျူးကျော်နေထိုင်ကြသူများကို စစ်ကောင်စီက အင်အားသုံးဖယ်ရှားရန် စတင်စီမံခဲ့သည်။

လှိုင်သာယာမြို့နယ် အတွင်းရှိ ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုများအပါအဝင် အင်းစိန်၊ တောင်ဒဂုံ၊ မြောက်ဒ ဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် သန်လျင်မြို့နယ်များအတွင်းနေထိုင်သည့် ကျူးကျော်နေအိမ်များကို စစ်ကောင်စီက ဖယ်ရှားပစ်ရန် တစ်ဆင့်ချင်းလုပ်ဆောင်ခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတောင်းဆိုခဲ့ကြသူများထဲတွင် ကျူးကျော်နေထိုင်သူ အားလုံးနီးပါးပါဝင်ခဲ့ပြီး ဆန္ဒပြသူများကို စစ်ကောင်စီက အကြမ်းဖက် ဖြိုခွင်းခဲ့စဉ်ကလည်း ခုခံတွန်းလှန်ကြသူများထဲတွင် ကျူးကျော် နေထိုင်သူများ ပါဝင်ခဲ့သဖြင့် စစ်ကောင်စီက အညှိုးအတေးထားကာ ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ကြောင်း နေအိမ် ဖျက်စီးခံခဲ့ရသူများက သုံးသပ်ကြသည်။

“ကျွန်တော်တို့ ဆင်းရဲသားတွေအားလုံးက အမေစုကိုထောက်ခံကြတာလေ။ အဲ့ဒါကြောင့် အခုလိုကျူးကျော်တွေ လိုက်ဖျက်တယ်လို့ မြင်တာပဲ”ဟု ကိုမြင့်နိုင်က ဆိုသည်။

မြန်မာနိုင်ငံ၏ မြို့ပြဖြစ်ထွန်းမှုသည် ဖြည်းဖြည်းခြင်း မြင့်တက်လျက်ရှိပြီး နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းသည် မြို့ ကြီးများတွင်နေထိုင်ကြပြီး အများစုမှာ ပြည်တွင်းရွှေ့ပြောင်းမှု ရေစီးကြောင်းနှင့်အတူ ပါဝင်လာခဲ့ကြခြင်းဖြစ်သည် ရွေ့ပြောင်းသူအများစုသည် အလုပ်အကိုင်အတွက် မြို့ကြီးများသို့ပြောင်းရွှေ့ကြပြီး ကျေးလက်ဒေသ၏ဆင်းရဲမွဲ တေမှု၊ မြေယာမပိုင်ဆိုင်မှုနှင့် သဘာဝဘေးဒဏ်စသည့် အချက်များပါဝင်ကြောင်း Public Disclosure Authorized ၏ မြို့ပြဖြစ်ထွန်းမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကျူးကျော်နေထိုင်သူများအတွက် ပထမဆုံးမြို့သစ် စီမံကိန်းကို ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရ လက်ထက်က မြို့သစ်သုံးမြို့တည်ဆောက်ခဲ့ပြီး တောင်ဥက္ကလာပတွင် ၁၁၇၁ ကွက်၊ မြောက်ဥက္ကလာပတွင် ၁၁၃၂၃ ကွက်၊ သာကေတတွင် ၉၂၂၆ ကွက်ချထားပေးခဲ့ကြောင်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်ထုတ် စံတော်ချိန်သတင်းစာ၏ မြန်မာနိုင်ငံနှစ် (၁၀၀) အိုးအိမ်ဖွံ့ဖြိုးမှုကို လေ့လာဆန်းစစ်ခြင်းဆောင်းပါတွင် ထည့်သွင်းရေးသားထားသည်။

ထို့ပြင် ကျူးကျော်နေထိုင်သူများ ပြောင်းရွှေ့နေရာချထားနိုင်ရေးအတွက် လှိုင်သာယာ၊ ရွှေပြည်သာမြို့တို့ကို တည်ဆောက်ခဲ့ကြောင်း မြန်မာနိုင်ငံ၏ နှစ် (၁၀၀) အိုးအိမ်ဖွံ့ဖြိုးမှုကို လေ့လာဆန်းစစ်ခြင်း ဆောင်းပါးတွင်ထည့်သွင်း ဖော်ပြထားသည်။

ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)ဟူ ၍ မြို့သစ်များတည်ဆောက်ခဲ့ပြီး မြို့သစ်အားလုံးတွင် ကျူးကျော် အိမ်ထောင်စုပေါင်း ၈၄၀၀၀ ကျော်နှင့် အိမ်ရာမဲ့ ဝန်ထမ်းပေါင်း ၇၈၀၀၀ ကျော်ကို နေရာချထားပေးနိုင်ခဲ့ကြောင်း အထက်ပါဆောင်းပါးတွင် ထည့်သွင်းရေးသားထားသည်။

ယခင်က ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရှင်းလင်းရာတွင် မြို့သစ်များတည်ဆောက်၍ နေစရာအစားပေးကာ ပြောင်းရွှေ့နေထိုင်စေခဲ့သော်လည်း မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ လက်ထက်မှာတော့ ကျူးကျော် နေထိုင်သူများအတွက် နေစရာအစားပေးခြင်းမရှိဘဲ အဓမ္မခြိမ်းခြောက် ဖမ်းရှားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်တွင် ပြန်ကြားရေးဒုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ကျူးကျော်နေထိုင်သူများ၏ နေရာများသည် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့် တရားဥပဒေစိုးမိုးရေးကို အလေးပေး၍ ရှင်းလင်းရခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ် ခုတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

ထိုသို့ရှင်းလင်းရဲခြင်းမှာလည်း နိုင်ငံရေးအစိုးရ မဟုတ်သည့်အတွက် ရှင်းလင်းရဲခြင်းဖြစ်ပြီး မဲပေးပြီးတက်လာသည့် အစိုးရတိုင်းက ကျူးကျော်နှင့် ပတ်သက်လျှင် လက်ရှောင်ခဲ့ကြသဖြင့် ထိုကိစ္စအတွက် ၎င်းတို့အပေါ်အပြစ်ပြော၍ မရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ထည့်သွင်းပြောဆိုသွားခဲ့သည်။

၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်းကာလများမှ စတင်ကာ ဧရာဝတီတိုင်းမှ ပြောင်းရွှေ့နေထိုင်ကြသူ အများစုသည်လည်း ရန်ကုန်မြို့ရှိ ကျူးကျော်နေရာများတွင် နေထိုင်ခဲ့ကြပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း ကျူးကျော်နေထိုင်သူ တစ်စတစ်စ များပြားလာခဲ့သည်။

မြို့ပြများတွင် မြေဈေး၊ အိမ်ဈေးကြီးမြင့်မှုကြောင့် နေထိုင်ရန်အိုးအိမ်ကို သင့်တင့်လျောက်ပတ်သည့် အနေအထားဖြင့်ရရှိရန် မစွမ်းနိုင်သည့်သည့် ပြည်တွင်းရွှေ့ပြောင်းသူများသည် ဆင်ခြေဖုံးနေရာများတွင် ကျူးကျော်နေထိုင်ကြခြင်းဖြင့် အဆုံးသတ်ခဲ့ကြကြောင်း Public Disclosure Authorized ၏ မြို့ပြဖြစ်ထွန်းမှု အစီရင်ခံစာတွင်လည်း ထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ကျူးကျော်များ အဓမ္မဖယ်ရှားခြင်းများ ပြုလုပ်သလို အချို့လယ်မြေများ၊ မြေလွတ်မြေရိုင်းများကိုလည်း အုတ်တံတိုင်းခြံစည်းရိုးများခတ်ကာ ၎င်းတို့ပြုလုပ်သည့် ခြံစည်းရိုးအနီးရှိ နေအိမ်များကိုလည်း ငွေအနည်းငယ်ပေး၍ ရက်ပိုင်းအတွင်း ဖယ်ရှားခိုင်းခဲ့သည်။

ထိုသို့မြေလွတ်မြေရိုင်းများ၊ လယ်မြေများပေါ်တွင် ကုမ္ပဏီပိုင်ဆိုင်သည့် မြေဟုဆိုကာ အုတ်တံတိုင်း ခြံစည်းရိုးခတ်ခြင်းများကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ သန်လျင်မြို့နယ်၊ တွံ့တေးမြို့နယ်များအပြင် အခြားတိုင်းဒေသကြီးများတွင်လည်း အထက်ပါအတိုင်းပြုလုပ်ကာ စစ်ကောင်စီက ငွေရှာလျက်ရှိသည်။

“ကျွန်မတို့နေရာက အုတ်တံတိုင်းနဲ့လွတ်တယ်။ ဒါပေမယ့် စစ်တပ်က တစ်အိမ်ထောင်ကို ၂ သိန်းပေးပြီး ၁၀ ရက် အတွင်းဖျက်ခိုင်းခဲ့တာ”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက နေအိမ်ဖျက်ပေးခဲ့ရသည့် အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးကဆိုသည်။

စစ်ကောင်စီက ခြံစည်းရိုးအုတ်တံတိုင်းခတ်မည့် ဘေးတစ်လျှောက်ရှိ နေအိမ်ပေါင်း ၃၀၀ ဝန်းကျင်ဖျက်ပေးခဲ့ရပြီး အဆိုပါနေအိမ်အားလုံးမှာ လယ်ပိုင်ရှင်ထံမှ ဝယ်ယူနေထိုင်သူများဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

စစ်ကောင်စီက လက်နက်ဖြင့်ခြိမ်းခြောက်ကာ ကျူးကျော်နေအိမ်များအဓမ္မဖယ်ရှားခဲ့သဖြင့် ရန်ကုန်မြို့တွင် ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုပေါင်း ၄ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

နေအိမ်ဖျက်ကာဖယ်ရှားခံလိုက်ရသည့် ကျူးကျော်နေထိုင်သူများသည့် နီးစပ်ရာ ဆင်ခြေဖုံးရပ်ကွက်များတွင် အိမ်ငှားနေထိုင်ရန် ငွေကြေးအဆင်မပြေသူများသကဲ့သို့ ငွေကြေးအဆင်ပြေသူများကိုပင် အိမ်ရှင်များက အိမ်ငှားရန် ငြင်းဆန်ခဲ့ကြကြောင်း ဖယ်ရှားခံရသည့် ကျူးကျော်နေထိုင်သူများကပြောသည်။

“ကျူးကျော်ကဆို စရိုက်တွေလို့ထင်နေကြတာလဲပါမယ်။ အဓိကကတော့ ကျူးကျော်ကဆို မိသားစုဝင်များလို့ဆို ပြီးမငှားကြဘူး” ဟု လှိုင်သာယာမြို့နယ် ရန်ကုန် – ပုသိမ်ကားလမ်းဘေးတွင် ကျူးကျော်နေထိုင်ခဲ့သည့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

နေအိမ်ဖယ်ရှားခံလိုက်ရသည့်ကျူးကျော်များသည် ၎င်းတို့ဆွေမျိုးများရှိသည့် ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသလို အချို့မှာ မြေကွက်လပ်ကိုစုငှား၍ အိမ်ဆောက်နေထိုင်လျက်ရှိကြောင်း ၎င်းကဆိုသည်။

ရန်ကုန်မြို့ရှိ ကျူးကျော်နေထိုင်သူများကို အင်အားသုံးဖယ်ရှားသကဲ့သို့ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် အခြားတိုင်း နှင့်ပြည်နယ်အချို့တွင်လည်း ကျူးကျော်နေထိုင်သူများ၊ စည်ပင်နယ်နမိတ်ဖြင့်မလွတ်သည့်ဈေးဆိုင်၊ ဆိုင်ခန်းများ ကိုပါ စစ်ကောင်စီက ဖယ်ရှားရှင်းလင်းခဲ့သည်။

ယခုနောက်ပိုင်းတွင် ကျူးကျော်မဟုတ်ဘဲ ဂရမ်အမည်ပေါက်များဖြင့်နေထိုင်သည့် နေအိမ်များကိုပင် စစ်ကောင်စီ က အကြောင်းအမျိုးမျိုးပြကာ နာရီပိုင်းအတွင်း ဖျက်ခိုင်းခြင်းများ ပြုလုပ်လာသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းမှာပင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရဲဘော်ကွက်သစ် ရပ်ကွက်အတွင်း က ဂရမ်အမည်ပေါက်ပြီးသား လူနေအိမ် ၆၀ ခန့်ကို တစ်နာရီအတွင်း ရွှေ့ပြောင်းခိုင်းကာ နေအိမ်များကိုဘူဒိုဇာဖြင့်ထိုး၍ ဖြိုဖျက်သွားခဲ့ကြောင်း အဆိုပါရပ်ကွက်အတွင်းနေထိုင်သည့် နေအိမ်အဖျက်ခံရသူ အသက် ၆၀ ဝန်း ကျင်အရွယ်အမျိုးသားတစ်ဦးက ဆိုသည်။

“ဓာတ်ကြိုးမလွတ်လို့ဆိုပြီး တစ်နာရီအတွင်းဖျက်ခိုင်းတာ။ ပစ္စည်းတွေတောင်ယူချိန် မရလိုက်ဘူး ဘူဒိုဇာနဲ့အကုန် ထိုးသွားတာ။ အရမ်းရက်စက်လွန်းတယ်”ဟု ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အုပ်ချုပ်စဉ်အချိန်က ကျူးကျော်နေထိုင်သူများကို ယာယီနေထိုင်ခွင့်စမတ်ကတ်များ ထုတ်ပေးထားခဲ့ပြီး ကျူးကျော်နေထိုင်သူအများစုမှာ နေအိမ်ဖျက်စီးခံခဲ့ရသော်လည်း ထိုစမတ်ကတ်များ ကို ယခုတိုင်သိမ်းဆည်းထားကြသည်။

ဦးမြင့်နိုင်တို့ ကျူးကျော်ဝင်းအတွင်းနေထိုင်ခဲ့ကြသူများမှာလည်း အခြားမြို့နယ်များရှိ ကျူးကျော်နေထိုင်သူများ နည်းတူ ပြောင်းရွှေ့နေထိုင်ခဲ့ကြရပြီး ဦးမြင့်နိုင်တို့ မိသားစုကတော့ ၎င်းအလုပ်လုပ်ကိုင်ရာ ရပ်ကွက်အတွင်း နေထိုင်သူများက ကမကထပြုလုပ်၍ နေစရာစီစဉ် ပေးထားခဲ့သည်။

“အမေစုပြန်လာရင် ကျွန်တော်တို့နေဖို့လေးပြန်ရမယ်။ အခုတော့စားဖို့တောင်မနည်းရှာပြီး မိသားစုလေးအဆင်‌ ပြေအောင်နေရတာတော့ဗျာ”ဟု ဦးမြင့်နိုင်က ဆိုသည်။

ဧကရီကျော်