Spread the love

ရန်ကုန်၊ ဇွန် (၂)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း (၄၁) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆီက သိရပါတယ်။

KNU အမှတ် (၁) တပ်မဟာ ထိန်းချုပ်နယ်မြေမှာ မေလအတွင်းက တိုက်ပွဲပေါင်း (၄၁) ကြိမ်ဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူ (၇၁) ဦး နဲ့ ထိခိုက်ဒဏ်ရာရှိသူ (၅၃) ဦး ရှိခဲ့ပြီး စစ်ကား (၅) စီး ပျက်စီးခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တိုက်ပွဲအတွင်း KNLA/KNDO ဘက်ကလည်း ရဲဘော် (၂) ဦး ကျဆုံးခဲ့သလို (၁၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေလက KNU အမှတ် (၁) တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်းကို လေယာဉ်နဲ့ (၂) ကြိမ် လာရောက်ပစ်ခတ်ခဲ့လို့ အရပ်သား (၂) ဦး သေဆုံးခဲ့ကာ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားနေအိမ် (၁၁) လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း KNU အမှတ် (၁) တပ်မဟာ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/KNDO ကြား တိုက်ပွဲပေါင်း (၅၀၇) ကြိမ်ဖြစ်ပွားခဲ့လို့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF ဘက်က (၃၅၆) ဦး သေဆုံးခဲ့ကာ (၁၉၄) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။