Spread the love

ရန်ကုန်၊ ဇွန်လ (၇)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ နဝရတ်လမ်းက အမှိုက်ပုံးအတွင်းမှာ ဒီနေ့ မနက်ပိုင်းက ဗုံးနှစ်ကြိမ်ပေါက်ခဲ့လို့ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဗုံးက နာရီဝက်ခြားပြီး ပေါက်တာ။ ပထမတစ်လုံးပေါက်တော့ လမ်းသွားလမ်းလာ တစ်ဦးထိတယ်။ နောက်တစ်လုံးပေါက်တော့ ပေါက်တဲ့အိမ်နားက အမျိုးသမီးနှစ်ဦးထိတယ်။ ဗုံးပေါက်တော့ စပ်စုပြီး အိမ်ရှေထွက်ကြည့်တာ အဲ့နားမှာ ထပ်ပေါက်လို့ သားအမိနှစ်ယောက် ဒဏ်ရာထပ်ရတာလေ။ အဲ့လမ်းထဲမှာပဲပေါက်တာ”လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိခဲ့တဲ့ ဦးအာကာစိုး၊ ဒေါ်ကလျာရှိန် နဲ့ ဒေါ်မေသူအောင် တို့သုံးဦးကို လှိုင်သာယာဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီ (၁၄) ရက်နေ့က လှိုင်သာယာမြို့နယ်၊ စစ်ကိုင်းလမ်း၊ အားမာန်မှတ်တိုင်အနီးက (၁၀) ရပ်ကွက်ရုံးနားမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တာ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

Nway Oo Maung