Spread the love

ရန်ကုန်၊ ဇွန် (၇)

ပြည်သူတွေအနေနဲ့ အစုအဖွဲ့အလိုက် အခမ်းအနားတွေ လုံး၀ (လုံးဝ) မပြုလုပ်ဖို့၊ လူစည်ကားတဲ့ နေရာတွေကို သွားလာတာ မပြုလုပ်ဖို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ “ပြည်သူနှင့် PDF များကို သွေးခွဲစေသည့်လုပ်ရပ်များစွာ လုပ်ပြီးသော်လည်း ထပ်မံ၍ မိုးရာသီ ရေတံခွန်များ၊ လူစည်ကားသော နေရာများအား ပစ်မှတ်ထား လုပ်ဆောင်လာနိုင်” တယ်လို့ သူတို့က ပြောပါတယ်။

ပြည်သူတွေအနေနဲ့ မလိုလားအပ်ပဲ ခရီးသွားလာတာ မပြုလုပ်ဖို့နဲ့ မဖြစ်မနေ သွားရမယ်ဆိုပါက စစ်ကောင်စီကားတွေ၊ ပျူစောထီးကားတွေ အနီးကနေ လုံးဝကပ်မသွားဖို့နဲ့ မိုးမရွာတဲ့အချိန်မှာ မော်တော်ကား ခရီးသွားလာပါက ကားမှန်တံခါးတွေကို ချထားပေးပါလို့ သူတို့အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ မေတ္တာရပ်ခံ တောင်းဆိုထားပါသေးတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူစကစတပ်က မွန်ပြည်နယ်ဘက်ကနေ ရိက္ခာအပြည့်တင်ဆောင်ပြီး တပ်ပြောင်းရွှေ့လာတဲ့ စစ်ကောင်စီယာဉ်တန်းကား (၈) စီးကို မနေ့ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်လိုက်လို့ စစ်ကောင်စီယာဉ်တန်းကား (၃) စီး ပျက်စီးတယ်လို့ တောကြီးမြွေဟောက်အဖွဲ့ King Cobra Force က ပြောပါတယ်။