ရန်ကုန်၊ ဇွန် (၇)
အီရတ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်စစ်မှုထမ်းဟောင်းတစ်ဦးက ယူကရိန်းနိုင်ငံမှာ စေတနာ့ဝန်ထမ်းလုပ်နေပါတယ်။ သူက အမိမြေကို ကာကွယ်ဖို့ ရှေ့တန်းထွက်မယ့် ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးနေတာပါ။ Fox News သတင်းဌာနက သူ့ရဲ့လုံခြုံရေးကို စိုးရိမ်တာကြောင့် ဘယ်သူဆိုတာကိုတော့ ဖော်ပြမထားပါဘူး။
စစ်မှုထမ်းဟောင်းက ၂၀၀၆ခုနှစ်-၂၀၁၁ ခုနှစ်အတွင်း The Military Police Corps ရဲ့အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့တာပါ။ ၂၀၀၉-၂၀၁၀ ခုနှစ်က အီရတ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စစ်မှုထမ်းပြီးနောက် အာဖဂန်နစ္စတန်မှာ လုံခြုံရေးကန်ထရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အခုတော့ ယူကရိန်းကို လာရောက်ပြီး ရုရှားတွေကို တွန်းလှန်တိုက်ခိုက်မယ့် ယူကရိန်းတပ်ဖွဲ့တွေကို လေ့ကျင့်ပေးနေပါတယ်။
“သူတို့နိုင်ငံအတွက် တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်ထားတဲ့ သာမန်အရပ်သားတွေပါပဲ။ သူတို့နေထိုင်တဲ့မြေအတွက် အသက်စွန့်ဖို့ ဆန္ဒရှိနေကြတယ်”လို့ အမေရိကန်စစ်မှုထမ်းက ပြောပါတယ်။ စစ်ပွဲရဲ့ရလဒ်က အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေအပေါ် သိသိသာသာ သက်ရောက်မှုရှိမယ်လို့လည်း သူက မှတ်ချက်ပြုထားပါတယ်။ သူက ယူကရိန်းတပ်ဖွဲ့ဝင်တွေကို စစ်မြေပြင်မှာ လိုအပ်မယ့် တိုက်ခိုက်နည်း၊ ရှေ့ဉီးသူနာပြုစုနည်း၊ အခြေခံနည်းဗျူဟာတွေ သင်ကြားပေးနေတာပါ။
သူ လေ့ကျင့်ပေးနေတဲ့ သူတွေကလည်း ယူကရိန်းရဲ့နယ်မြေကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ စေတနာ့ဝန်ထမ်း လုပ်ဆောင်ခဲ့ကြပါတယ်။ စေတနာ့ဝန်ထမ်း လုပ်နေကြတဲ့လူတွေက နယ်ပယ်အရပ်အရပ်က လာကြတဲ့ တိရစ္ဆာန်ဆရာဝန်၊ အကသမား၊ ဓာတ်ပုံဆရာ၊ အင်ဂျင်နီယာ၊ ပရိုဂရမ်သမားတွေဖြစ်ပေမဲ့ ယူကရိန်းနိုင်ငံကို တတ်စွမ်းသလောက် ကူညီပေးနေကြတယ်။ ဒါက သူ့အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့အရာဖြစ်တယ်လို့ သူက ပြောပါတယ်။
စစ်မှုထမ်းဟောင်းက သူ့ရဲ့အရင်တိုက်ခိုက်ရေးအတွေ့အကြုံနဲ့ ယူကရိန်းတိုက်ပွဲကြားမှာ ကွာခြားချက်များစွာရှိတယ်လို့လည်း ပြောပါတယ်။ ယူကရိန်းလူမျိုးတွေထဲက တချို့ဟာ အခြေခံတိုက်ခိုက်ရေးနဲ့ အတွေ့အကြုံတွေ မရှိကြပေမဲ့ သူတို့တိုင်းပြည်အတွက် တိုက်ပွဲဝင်ချင်တဲ့ ဆန္ဒနဲ့ စိတ်ဓာတ်တွေက အပြည့်ပါပဲလို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။
တစ်ချိန်ချိန်တော့ အမေရိကန်စစ်မှုထမ်းဟောင်းက သူကိုယ်တိုင် ရှေ့တန်းကို သွားမှာပါ။ အမေရိကန်ပြန်မယ့်သူတွေကိုလည်း ယူကရိန်းစစ်ပွဲအတွက် ဆက်လက်ပံ့ပိုးကူညီပေးဖို့ သူ မျှော်လင့်ထားပါတယ်။
Ref: FoxNews “US Army veteran volunteers to train and fight with Ukrainians: ‘These people inspire me every day”