Spread the love

ရန်ကုန်၊ ဇွန်(၁၅)

တရားမဝင် စစ်တပ်အုပ်ချုပ်မှုကို အသိအမှတ်ပြုခြင်း၊ ထောက်ခံခြင်းဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေနဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို အချိန်ကြာမြင့်စေမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အလွတ်သဘော အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်နေတဲ့ ဆိုးဝါးတဲ့ နိုင်ငံတကာပြစ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်ခံရမှု၊ တာဝန်ခံမှုရှိစေရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ က ဆောင်ရွက်ပေးနိုင်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

အာဆီယံက တရားမဝင်စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့် မပြုခဲ့တဲ့ အပေါ် အသိအမှတ်ပြုကြောင်းနဲ့ အဲဒီရပ်တည်ချက်ကို ဆက်လက်ထားရှိဖို့ တိုက်တွန်းခဲ့ပြီး ကာလတို ဖြေရှင်းမှု နည်းလမ်းအားလုံးက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှု သံသရာကို အားပေးရာရောက်တယ်လို့ ဦးကျော်မိုးထွန်း က ပြောဆိုခဲ့ပါသေးတယ်။

စစ်တပ်အုပ်ချုပ်မှု ကြာရှည်လာတာနဲ့အမျှ ပဋိပက္ခတွေ ပြီးဆုံးမှာ မဟုတ်ဘဲ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေက ဘယ်တော့မှ တည်ငြိမ်အေးချမ်းမှုကို ယူဆောင်နိုင်မှာ မဟုတ်ဘူးလို့ သံအမတ်ကြီး က ပြောဆိုခဲ့ပါတယ်။