Spread the love

ရန်ကုန်၊ဇွန်(၁၇)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရုံး သေနတ်နဲ့ ပစ်ခတ်ခံလို့ ဆယ်အိမ်မှူး နှစ်ဦး ထိခိုက်ဒဏ်ရရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ ညက ပဲခူးမြို့ ကလျာဏီရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးလုပ်ပြီးနောက် ရုံးရှေ့မှာ ဆယ်အိမ်မှုး၊ ရာအိမ်မှူးတွေကို လုံခြုံရေးချထားရာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“အဲ့ရုံးရှေမှာ လုံခြုဲရေးချထားရင် ဘယ်သူမဆို အရစ်ခံရတာ ဘယ်သွားမှာလဲ ဘာလုပ်တာလဲ။ ညကပစ်တော့ ရုံးထဲဝင်ပြေးတဲ့သူ နှစ်ဦးထိသွားတယ်။ တစ်ယောက်က ခြေထောက်ထိတယ် တစ်ယောက်က ပေါင်ကိုထိတယ် သိပ်တော့မစိုးရိမ်ရဘူး နှစ်ယောက်စလုံးဆယ်အိမ်မှုးတွေပါ။” လို့ သူက ပြန်ပြောပြပါတယ်။

ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှုးဟာ ပျူစောထီးခေါင်းဆောင်ဖြစ်သလို ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလည်းဖြစ်လို့ အခုလို့ပစ်ခတ်တာဖြစ်နိုင်တယ်လို့ မြို့ခံတစ်ဦးက သုံးသပ်ပါတယ်။

“အဲ့ရုံးက သူတွေက ပျူတွေချည်းပဲ တပ်ထောက်ခံသူတွေ၊ သူတို့ကြောင့် အဖမ်းခံရတဲ့သူတွေလဲ မနည်းဘူးလို့” သူက ပြောပါတယ်။

ပစ်ခတ်ခံရလို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဆယ်အိမ်မှူးနှစ်ဦးကို ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပဲခူးမြို့ ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်ခံရပြီးနောက် စစ်တပ်နဲ့ရဲတွေက ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။