ရန်ကုန်၊ဇွန် (၁၇)
ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ရဲ့ ကိုယ်ရေးအရာရှိဟောင်းဖြစ်တဲ့ ဗိုလ်မှူးချုပ်(ငြိမ်း) စိုးရှိန် နေအိမ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် လူငယ်တချို့ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်သူတွေဆီက သိရပါတယ်။
“အိမ်က လူစောင့်တွေတော့ရှိတယ်။ ဦးစိုးရှိန်တို့က အိမ်မှာမရှိဘူး။ ပျက်စီးမှုရှိတယ်။လူထိခိုက်တာတော့ မကြားဘူး။ ဒါပေမဲ့ညက အဖမ်းခံရတဲ့သူတွေလည်း ရှိတယ်။”လို့ ရပ်ကွက်နေသူတစ်ဦးက C8 News ကို ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်၊ မေဓာဝီလမ်းနဲ့ ခေမာသီလမ်းထောင့်က ကိုယ်ရေးအရာရှိဟောင်း ဗိုလ်မှူးချုပ်စိုးရှိန်(ငြိမ်း)ရဲ့ နေအိမ်မှာ မနေ့ နေ့လည် (၁၂) နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ညပိုင်းမှာ စစ်တပ်နဲ့ရဲတွေက ရပ်ကွက်အတွင်းက လူငယ်တချို့က ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မှာ မနေ့က သန်လျင်၊ သာကေတ၊ ဒေါပုံ၊ ကျောက်တန်းနဲ့ လမ်းမတော်တို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မြို့နယ်တွေဆီက သိရပါတယ်။
Nway Oo Maung