Spread the love

ရန်ကုန်၊ ဇွန် (၁၇)

Non CDM ယာယီကျောင်းအုပ် ဒေါ်နုဝေအောင် ရဲ့ လုပ်ရပ်တွေ ရပ်တန်းက ရပ်ဖို့ People Defence Force-Thandaung က သတိပေးပြောကြားလိုက်ပါတယ်။

ဒေါ်နုဝေအောင် ဟာ “ကလေးများကို ကျောင်းပြန်လည်အပ်နှံကြပါရန် ကျောင်းသားမိဘများအား စွမ်းစွမ်းတမံ ကြိုးစားအားထုတ်၍လိုက်လံ တိုက်တွန်းနိုးဆော်နေကြောင်းနှင့် အာမခံမှုများပြုလုပ်လျက်ရှိနေကြောင်း ခိုင်မာစွာ သတင်းရရှိပါသည်။ထိုလုပ်ရပ်များသည် အကြမ်းဖက်စစ်တပ် ကိုအားပေးထောက်ခံသော လုပ်ရပ်များဖြစ်သည်သာမက စစ်ကျွန်ပညာရေး ယန္တရား လည်ပတ်နိုင်အောင် ကူညီထောက်ပံ့နေခြင်း” ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

ပျားစခန်းသူဌေးကုန်း အ.လ.က-ခွဲ ယာယီကျောင်းအုပ်ဖြစ်တဲ့ ဒေါ်နုဝေအောင် ဟာ ကရင်ပြည်နယ်၊ သံတောင်မြို့၊ ဆောက်လုပ်ရေးဝန်းအနောက်ဘက်၊ ဇေကမ္ဘာဝန်းအနီးမှာ နေထိုင်သူဖြစ်ပါတယ်။

“ဤလုပ်ရပ်များကို ချက်ချင်းရပ်တန်းက ရပ်လိုက်ပါရန် နှင့် သွေးစွန်းနေသော စစ်ကျွန်ပညာရေး အား စွန့်ခွာ၍ ပြည်သူနှင့်အတူ ရပ်တည်ရန်သတိပေး အမှာစကားပါးအပ်ပါသည်။ ဤတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည် ကျောင်းဆရာ/မ များနှင့် ကျောင်းသား/သူ များအပေါ်အားနာစိတ်၊ ရှက်ကြောက်စိတ်များဖြင့် ဤသတိပေးစာကို ဒေါ်နုဝေအောင် (ပျားစခန်းသူဌေးကုန်း လခွဲ ယာယီကျောင်းအုပ်) သိရှိနိုင်” ဖို့ People Defence Force-Thandaung က အခုလိုကြေညာချက်ကို မနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ပေါင်းကာ ပြည်သူတွေအပေါ် အနိုင်ကျင့်နေတဲ့ Non CDM တွေဖြစ်ကြတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးကြီးကြပ် (၁) ဖြစ်တဲ့ ဦးဗညားထွန်း နဲ့ ဇနီးဖြစ်သူ ရွှေတောင်မော်တိုက်နယ်ဆေးရုံက Non သူနာပြု ဒေါ်ခင်ဝင်းမြင့် တို့ရဲ့ အခုလုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ ဗိုလ်လက်ဝဲအဖွဲ့ တာဝန်ခံက ၂၀၂၂ ခုနှစ်၊ မေ (၉) နေ့က နောက်ဆုံးအနေနဲ့ သတိပေးပြောကြားခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။