Spread the love

ရန်ကုန်၊ ဇွန် (၂၁)

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဦးမျိုးတင့် ရဲ့ နေအိမ်ကို ဒီနေ့ နေ့လည်ပိုင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို့ Aung San Generation အဖွဲ့က C8News ကို ပြောပါတယ်။

“ကျနော်တို့သတင်းရရခြင်းပဲ သူ့အိမ်ကို ဝင်စီးပါတယ်။ သူကအရင်ရှောင်နေတော့ မမိလိုက်တာပါ။မျိုးတင့်က စစ်သင်တန်းဆင်းပြီးပါပြီ။ စစ်ကောင်စီကလည်း သူ့ကို လက်နက်တွေ တပ်ဆင်ပေးထားတယ်လို့ သိရတယ်။ သူ့သား အငယ်ကောင်ကလည်း ဘေးရွာတွေကို မီးရှို့မယ်လို့ မကြာခဏ ခြိမ်းခြောက်ပါတယ်။ အဓိကကတော့ စစ်ကောင်စီက လက်နက် တပ်ဆင် ပေးထားတယ်ဆိုလို့ ကျနော်တို့ ဝင်ဖမ်းစီးတာပါ” လို့ သူတို့အဖွဲ့က C8 News ကို အတည်ပြုဖြေကြားပါတယ်။

ပျူစောထီးခေါင်းဆောင် ဦးမျိုးတင့် ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မရိုးတုန်းမြောက်ရွာက နေအိမ်သူဖြစ်ပြီး သူရဲ့ နေအိမ်ကို Aung San Generation အဖွဲ့ဟာ ခွံထိုး ၄လက်၊ လက်ပစ်ဗုံး ၁လုံး၊ တပ်စိတ် ၁ စိတ်စာ လူအင်အားနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

“၎င်း နေအိမ်အား နာရီဝက်ခန့် ဆက်လက်ရှာဖွေရာ ( မှန်ဘီလူး ၁စုံ နှင့် ခါးပါတ် ၆ခု) အားသိမ်းဆည်းရမိခဲ့ပါသည်။ ထို mission အတွက် ယနေ့နံနက် (12:30) မှ (1:00)ထိ (00:30)မိနစ်ကြာ အချိန်အသုံးပြုကာ ပြန်လည်ထွက်ခွါခဲ့ပါသည်။ ကျနော်တို့ Aung San Generation အဖွဲ့မှ ပြည်သူများအား နည်းပေါင်းစုံဖြင့် ဒုက္ခ ပေးနေသော မည်သည့်အဖွဲ့မဆို မျှတမှုရှိရှိတုန့်ပြန်သွား” မှာ ဖြစ်တယ်လို့ သူတို့အဖွဲ့ရဲ့ ဒီနေ့ ညနေပိုင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စွမ်းလင်းထက်