Spread the love

ရန်ကုန်၊ဇွန်(၂၁)

စစ်တပ်ကို သတင်းပေးပို့နေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရီကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးနိုင်မိုး ကို မနေ့ညပိုင်းက အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကနက်သီရီကျေးရွာက သတင်းပေးဒလန် အုပ်ချုပ်ရေးမှူး ဦးနိုင်မိုး ဟာ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေရဲ့ သတင်းကို စစ်တပ်ကိုပေးပို့နေလို့ အခုလို အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက C8 News ကို ပြောပါတယ်။

“သူအိမ်မှာပဲ လာပစ်သွားတာ ခြောက်ချက်ပစ်ခံရတာ လေးချက်ထိပြီး သေတယ်။ အရင်ကလည်း သူကိုလာပစ်သေးတယ်။ ကံကောင်းလို့လွတ်သွားတာ။ “လို့ ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရလို့ သေသွားတဲ့ ဦးနိုင်မိုး ရဲ့ရုပ်အလောင်းကို စစ်တပ်နဲ့ ရဲတွေက သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံ ကို ပို့ဆောင်ထားတယ်လို့ မြို့ခံတစ်ဦးက C8 News ကို ပြောပြပါတယ်။

“သူအပစ်ခံရပြီး ကနက်သီရီရွာကို စစ်ဆေးတာတွေလုပ်တယ် အဲ့လူကြောင့် အရင်ကလည်း ရွာဘက်မှာ ပျူစောထီးနဲ့ PDF တွေတိုက်ပွဲတွေ ဖြစ်သေးတယ် အရင်နှစ် ၈ လပိုင်းက” လို့ သူက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး လေးလအကြာမှာ သီရီကမာနက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ဦးနိုင်မိုး ကို တာဝန်ပေးခဲ့ပြီး လေးလအကြာမှာ သူ့ကိုတာဝန်ရပ်နားခဲ့ပြီးနောက် သတင်းပေးဒလန်အဖြစ် ဆက်လက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သရက်ချောင်းမြို့နယ်၊ ရပ်ကွက်တချို့နဲ့ ကျေးရွာတွေက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေဟာ သတင်းပေးဒလန်တွေဖြစ်လို့ အမည်မသိ သေနတ်သမားတွေရဲ့ပစ်ခတ်ခံခဲ့ရလို့ ပြီးခဲ့တဲ့လတွေကလည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်ခဲ့ပါတယ်။

Nway Oo Maung