Spread the love

ရန်ကုန်၊ဇွန်(၂၃)

ဗုဒ္ဓဟူးနေ့က အာဖဂန်နစ္စတန်မှာ အင်အားပြင်းငလျင်လှုပ်ခတ် မှုကြောင့် သေဆုံးသူ ဦးရေ (၁၀၀၀) အထိရှိခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၁၅၀၀ ကျော်ရှိခဲ့ပြီး ဝေးလံခေါင်သီတဲ့ တောင်ပေါ်ကျေးရွာတွေက အချက်အလက်တွေ ထွက်ပေါ်လာဦးမှာဖြစ်တဲ့အတွက် သေဆုံးသူဦးရေ တိုးလာနိုင်ဖွယ်ရှိပါတယ်။

တချို့ရွာတွေဟာ တောင်တန်းတွေပေါ်က ဝေးလံခေါင်သီတဲ့ ဒေသတွေမှာရှိနေပြီး အသေးစိတ်အချက်အလက်တွေကို စုဆောင်းဖို့ အချိန်အနည်းငယ်ယူရမှာ ဖြစ်တဲ့အတွက် သေဆုံးသူဦးရေ တိုးလာနိုင်ဖွယ်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့တာဝန်ရှိသူ ဆာလာဟူဒင် အာယူဘီ က ပြောပါတယ်။

ပြင်းအား ၆.၁ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် နေအိမ်အပျက်အစီးတွေဟာ မြေပြင်က ရုပ်အလောင်းတွေအပေါ် ဖုံးလွှမ်းနေခဲ့ပါတယ်။ အပျက်အစီးတွေအောက်နဲ့ အစွန်အဖျားဒေသတွေမှာ ပိတ်မိကျန်နေတဲ့ လူအရေအတွက် မသိရသေးဘူးလို့ ကျန်းမာရေးနဲ့ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းတာ၊ မြေပြိုတာအပါအဝင် အခြေအနေတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲခဲ့ရပါတယ်။

“လူတော်တော်များများ မြေကြီးအောက်မှာ နစ်မြုပ်နေတုန်းပဲ။ Islamic Emirate ရဲ့ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ဒေသခံပြည်သူတွေရဲ့အကူအညီနဲ့ သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ ကြိုးပမ်းနေတယ်”လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ တာလီဘန်တွေ ဦးဆောင်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပါတယ်။

အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့နဲ့ ရိက္ခာ၊ ပစ္စည်းတွေ ထောက်ပံ့ဖို့က မြေပြင်နဲ့ ရာသီဥတုကြောင့် ကြီးမားတဲ့စိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ် ဂသဘာဝဘေးအန္တရာယ်လျော့ပါးရေးရုံးက လိုရက်တ်တာ ဟိုင်ဘာ ဂီရာဒတ် က ပြောပါတယ်။

“ငလျင်ဒဏ် မခံရခင်တုန်းကတောင် လမ်းတွေက မကောင်းတာဆိုတော့ လွယ်လွယ်ကူကူ သွားလာလို့မရတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ ရှိနေရပါတယ်။”လို့ လိုရက်တ်တာ က ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရုံးက ဆေးဘက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေ ဖြန့်ပြီး ဆေးဝါးထောက်ပံ့မှုတွေ ပေးနေတယ်လို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က လှုပ်ခတ်တဲ့ငလျင်က ၂၀၀၂ ခုနှစ်နောက်ပိုင်း အာဖဂန်နစ္စတန်မှာ လူအသေအပျက် အများဆုံး ငလျင် ဖြစ်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ခို့စ်မြို့ရဲ့ ၂၇ မိုင်အကွာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်ဘူမီဗေဒတိုင်းတာရေး (USGS) က ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေက လူပေါင်း ၁၁၉ သန်းက ငလျင်တုန်ခါမှုကို ခံစားမိခဲ့တယ်လို့ ဥရောပမြေထဲပင်လယ်ငလျင်ဗဟိုဌာန (EMSC) က ပြောပါတယ်။ EMSC က ငလျင်ပြင်းအား ၆.၁ လို့ သတ်မှတ်ခဲ့ပေမဲ့ USGC က ပြင်းအား ၅.၉ ရှိတယ်လို့ ပြောခဲ့ပါတယ်။

Photo- Reuters
Ref: Reuters “Afghanistan earthquake kills at least 1,000, toll expected to rise”