Spread the love

ရန်ကုန်၊ ဇွန် (၂၃)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက အမျိုးသမီး၊ တိုရွာက Non CDM ဝန်ထမ်းနဲ့ မန်းကျည်းကုန်းရွာက ပြည်သူ (၂) ဦးကို သူတို့အဖွဲ့က သတ်ခဲ့တာ မဟုတ်ဘူးလို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံက ပြောပါတယ်။

“ယခုရက်ပိုင်းတွင် ပုလောဒေသအတွင်း၌ စစ်အာဏာရှင် တိုက်ဖျက်ရေး ရည်ရွယ်ချက်ဖြင့် သော်လည်းကောင်း၊ တခြား အမျိုးမျိုးသော အကြောင်းများကြောင့် သော်လည်းကောင်း၊ အပြစ်မဲ့သော မိဘပြည်သူများအား ထိခိုက် ရှိနေသည်ဟု သိရှိရပါသည်။ ပစ်ခံရသော ကိစ္စ စသည်ဖြစ်ရပ်တို့နှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် စိတ်မလုံခြုံမှု၊ ဘဝင် မကျမှုများ ဖြစ်နေသည်ဟု သိရှိရသည်။ အထက်ပါ ဖြစ်ရပ်များသည် ကျွန်တော်တို့ PRDF အဖွဲ့မှ လုပ်ဆောင်သော လုပ်ရပ်မဟုတ်ကြောင်း” သူတို့အဖွဲ့ရဲ့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလိုရေးသားထားတာပါ။

PRDF အဖွဲ့အနေနဲ့ ပြည်သူတွေအတွက် ရပ်တည်တိုက်ပွဲ ဝင်နေတာဖြစ်လို့ အပြစ်မဲ့ မိဘပြည်သူတွေကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

စစ်အာဏာရှင် ထောက်တိုင် တိုက်ခိုက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာလည်း သေချာစိစစ်ပြီး အမှန်တကယ် ပြည်သူတွေကို သစ္စာဖောက်တဲ့သူတွေ ဖြစ်မှသာ၊ နောက်ဆုံးနည်းလမ်းနဲ့ ဖြေရှင်းတာဖြစ်လို့ မိဘပြည်သူတွေ အနေနဲ့ စိတ်ချလက်ချ စိတ်လုံခြုံစွာ နေနိုင်ပါတယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ကတစ်ဆင့် အသိပေးပြောကြားခဲ့ပါတယ်။

“အကယ်၍ တစုံတရာ အမှားအယွင်း ဖြစ်ပေါ်ခဲ့ပါကလည်း ဖုံးကွယ်ထားခြင်း မရှိဘဲ လူကြီးလူကောင်းပီသစွာ တာဝန်ယူ ဖြေရှင်း ပေးမည် ဖြစ်ကြောင်းလည်း အသိပေးအပ်” တယ်လို့ သူတို့က ပြောပါတယ်။

ပုလောမြို့နယ်အတွင်းက စစ်ကောင်စီခန့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ မေလ (၁၇) ရက် နောက်ဆုံးထားပြီး နှုတ်ထွက်ကြဖို့နဲ့ မနှုတ်ထွက်ပါက လူကြီးမင်းတို့ရဲ့ အသက်အန္တရာယ်ကို တာဝန်ယူမှာ မဟုတ်ဘူးလို့ သူတို့က သတိပေးပြောကြားထားပါသေးတယ်။

Sakura