Spread the love

ရန်ကုန်၊ ဇွန် (၃၀)

တော်လှန်ရေးအင်အားစုတွေအနေနဲ့ မူဝါဒအရဘဲဖြစ်စေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ အနေနဲ့ဘဲဖြစ်စေ၊ ပြတ်ပြတ်သားသား တုန့်ပြန်ဖို့ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

“ကျနော်တို့ မဟာမိတ်အင်အားစုတွေ ကြားမှာလည်း သွေးကွဲစေဖို့ နည်းလမ်း မျိုးစုံနဲ့ ဆောင်ရွက်နေတဲ့အထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ကိစ္စတခုလည်း အပါအဝင် ဖြစ်ပါတယ်။” လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာပါ။

စစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေ အနေနဲ့ အကြမ်းဖက်မှုတွေကို ပိုမိုဆောင်ရွက်နေပြီး မြို့ပြမှာဆိုရင် တရားမဲ့ အဖမ်းအဆီးတွေကိုလည်း ကြမ်းကြမ်းတမ်းတမ်း ဆောင်ရွက်နေတာ တွေ့ရပါတယ်လို့ သူက ပြောပါတယ်။

“ပြည်သူလူထုနဲ့ နိုင်ငံတကာက ပိုမိုထောက်ခံနိုင်ဖို့လည်း ကြိုးစားသွားရမှာ တွေ့ရှိပါတယ်။ အခုဆိုရင် နိုင်ငံတကာကလည်း ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ရှေ့လုပ်ငန်းအစီအမံတွေကို အတော်လေး စိတ်ဝင်တစား ရှိလာကြတာ သိရပါတယ်။ သူတို့အနေနဲ့လည်း ဒီတော်လှန်ရေးမှာ ကျနော်တို့ဘက်က အားသာနေတဲ့ အခြေအနေကို သိနေကြပြီမို့ တော်လှန်ရေးအလွန် ကာလတွေအထိ ကျနော်တို့ မဟာမိတ်အင်အားစုတွေဘက်ကနေ စုစုစည်းစည်းနဲ့ ဆောင်ရွက်နေကြတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို သိရှိလိုတာ ဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။

Photo- NUG