ရန်ကုန်၊ ဇူလိုင် (၁၃)
တော်လှန်ရေးအင်အားစုတွေ အနေနဲ့ နေ့စဉ်နိုင်ငံရေးအခြေအနေတွေကို စောင့်ကြည့်ပြီး လုပ် ဆောင်ရမှာတွေ၊ လုပ်ဆောင်သင့်တာတွေကို အချိန်နဲ့တစ်ပြေးညီ စီမံဆောင်ရွက် နိုင်ကြဖို့ လိုအပ်သလို တစ်ဘက်ကလည်း စစ်ရေးအရှိန်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မြှင့်တင်နိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က တိုက်တွန်းပြောဆိုပါတယ်။
“ဒီအကြမ်းဖက် စစ်ကောင်စီကို အပြီးတိုင် ဖြိုလှဲအမြစ်ဖြတ်နိုင်ဖို့ဆိုတာ စစ်ရေးကို အရှိန်အဟုန်နဲ့ ဖိဖိစီးစီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးကဏ္ဍဘက်အားစိုက်ဖို့ဆိုရင် ဘဏ္ဍာငွေလိုအပ်ချက်တွေကလည်း ရှိလာမှာ ဖြစ်ပါတယ်။” လို့ မနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၆၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ သူက ပြောဆိုခဲ့တာပါ။
လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဘဏ္ဍာငွေ (၉၅) ရာခိုင်နှုန်းဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် အသုံးပြုနေရတာ ဖြစ်တယ်လို့ စီမံဘဏ္ဍာဝန်ကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က “အခုဆိုရင် တစ်ချို့သော တိုက်ပွဲတွေမှာ ခဲယမ်း လိုအပ်ချက်တွေကို နောက်ကလိုက်ပြီး ပြည်သူ့အားနဲ့ ဝိုင်းဝန်းဖြည့်ဆည်းရင်း စီမံနေကြရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကတော့ အမြဲတာဝန်ကျေကြလွန်းလို့ အမြဲကျေးဇူးတင်ရပါတယ်။ ဒါကြောင့် စီမံဘဏ္ဍာဝန်ကြီး ဌာနအနေနဲ့လည်း ကဏ္ဍမျိုးစုံကြိုးပမ်းပြီး ဝင်ငွေတိုးပွားအောင် ကြိုးပမ်းနေကြတာကို အထူးကျေးဇူးတင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဆက်လက်ပူးပေါင်းကူညီပေးကြဖို့ အားနာစွာနဲ့ပဲ ထပ်မံတိုက်တွန်းလိုပါတယ်။” လို့ ပြောပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလ ဟာ မနေ့က အစည်းအဝေးမှာ နဝခေတ်က လူတွေထက် ပိုဆိုးတာက မင်းအောင်လှိုင် ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။