Spread the love

ရန်ကုန်၊ ဇူလိုင် (၂၂)

နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုတွေကို နှိပ်နင်းရာမှာ ဒီမိုကရေစီနိုင်ငံဖြစ်လို့ စစ်အုပ်ချုပ်ရေး သတ်မှတ်ချက်တွေကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

“၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပှုအကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အချို့သောနေရာ ဒေသများမှလွဲ၍ တတ်နိုင်သမျှ ရဲတပ်ဖွဲ့ဝင်များဖြင့်သာ ဖြေရှင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်း ဖက်မှုများကို အရေးယူဆောင်ရွက်ခဲ့ရာတွင် ဥပဒေနှင့်အညီသာ ထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း” မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ သူက အခုလို ပြောကြားခဲ့တာပါ။

ဆူပူအကြမ်းဖက်မှုတွေကို နှိမ်နင်းရာမှာ ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်နေတာဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လက်နက်ကိုင် သောင်းကျန်းမှုတွေကို တပ်မတော်က တာဝန်ယူဆောင်ရွက်နေတာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ကို ဦးဆောင်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

နိုင်ငံအတွင်း အကြမ်းဖက်တွေကို လုံခြုံရေး၊ အုပ်ချုပ်ရေးနဲ့ စည်းရုံးရေးဆိုင်ရာ လမ်းကြောင်းတွေနဲ့ ထိန်းသိမ်း ဆောင်ရွက်နေတာဖြစ်လို့ အခုအခါ အကြမ်းဖက်မှုတွေ နည်းပါးသွားတာကို တွေ့ရှိရတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော် တာဝန်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ နိုင်ငံရေးအရအရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင်လ (၁၉) ရက် အာဇာနည်နေ့က အာဏာသိမ်းစစ်တပ်ကို အခုလို ဝေဖန်ထောက်ပြ ပြောဆိုခဲ့ပါသေးတယ်။

“ကျွန်တော်တို့တိုင်းပြည်ဟာ တိုင်းတပါးနယ်ချဲ့အောက်မှာ မရှိတော့ပေမယ့် ပြည်တွင်း က စစ်အာဏာရှင် အောက်မှာ စစ်ကျွန်ဘဝကိုရောက်ရှိနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ လက်ရှိအာဏာရှင်ဟာ တိုင်းတစ်ပါးနယ်ချဲ့တွေထက် များစွာ ရက်စက်ကြမ်းကြုတ်ပြီး ပြည်သူလူထုကို နေ့တိုင်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတာ အားလုံးအသိပင် ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲ့ဒီစစ်အာဏာရှင်ကို ကျနော်တို့ တော်လှန်တိုက်ခိုက်နေတာဖြစ်တယ်။ ဒါကြောင့် ကိုယ့်အကျိုး မိသားစုအကျိုးထက်၊ တိုင်းပြည်အကျိုး အများအကျိုးအတွက် စွန့်လွှတ် တိုက်ပွဲဝင် တော်လှန်ရေးလုပ်ဆောင်ချင်တဲ့ အာဇာနည် စိတ်ဓါတ်ထားရှိဖို့ လိုအပ်” တယ်လို့ သူက ပြောပါတယ်။