Spread the love

(သရော်စာ)

“ငါ့အဘက ရွာကို ကြေညာမောင်းခတ် လိုက်ပြီဆိုပေမယ့် အစဉ်အဆက် ထောက်ခံခဲ့တော့ ငါ့အတွက် ချန်ထားမှာပါ။”ဆိုပြီး ဘူကြီး လှဖေတစ်ယောက် သူ့အဘ အားကိုးနဲ့ သူ့အတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်း တောင်းဖို့ သူကြီးအိမ်ကို လာရာလမ်းမှာ တွေးနေလေရဲ့….

“မေ့နေရင်တောင် သူက ရွာရဲ့ဦးလျှာင်ပဲလေ…. ရွာရဲ့အဓိပတိ….. ရွာရဲ့ အဓိက ဆုံးဖြတ်ချက်တိုင်းကို သူက ချမှတ်နေတာ…. အလုပ်လေး ဘာလေး ရရင် ငါ့ဘဝ ငါ့မိသားစုဘဝ သာယာစိုပြည်ပြီလေ….”ဆိုပြီး ဘူကြီးလှဖေ တစ်ယောက် စိတ်ကူးနဲ့ပင် ပြည့်စုံနေလေရဲ့…..

သူတောင်းမယ်ဆိုလဲ တောင်းဆိုလို့ရတယ်လေ….. အစဉ်အဆက်တောင် မဟုတ်ဘူး….. အန္တရာယ်များတဲ့ အခြေအနေမှာတောင် အဘအတွက် ထောက်ခံပွဲကို ရွာလယ်ခေါင်မှာ လုပ်ပေးခဲ့သေးတာပဲ…. သူ့အကြိုက်တွေ့ပါစေဆိုပြီး ထောက်ခံပွဲမှာ တဲအမိုးတွေတောင် အစိမ်းတွေ အဘကြိုက်တဲ့ စစ်အရောင်တွေနဲ့ ထောက်ခံမှုအပြည့် ဆိုတာမျိုး လုပ်ပြခဲ့သေးတာပဲ…. ဒါတောင် နောက်ကွယ်က လုပ်ပေးထားတာတွေမှ အများကြီးလေ…. ဒီလိုလုပ်ပေးနေတဲ့သူ့ကို အဘက အလုပ်အကိုင်လေး မဖန်တီးပေးဘူးဆိုတာ မရှိလောက်ပါဘူး… အဘက ဘုရားဒါယကာကြီး၊ သူတော်ကောင်းကြီးပဲ(သူ့မိန်းမပြောတာပဲ)

ဘူကြီးလှဖေ အလုပ်အကိုင် သွားတောင်းမယ်ဆိုလဲ တောင်းစရာပဲလေ…. ပြီးခဲ့တဲ့ရက်က ဘိုတုတစ်ယောက် ရွာလယ်မှာ ပိတ်ကားထောင်ပြီး (၆) လ သက်တမ်းတိုးတဲ့ ကာလမှာ ရွာရဲ့ စီးပွားရေးကို ဦးမော့အောင် လုပ်မယ်…. အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုပြီး ကြွယ်ထားတာပဲလေ……

ဘိုတုကို တွေ့ရဖို့ မောင်မဲလုံးက တစ်ဆင့် ပြောထားတယ်…. ဘိုတုကလဲ လက်ခံတွေ့မယ်ဆိုတော့ အဆင်ပြေတယ်လေ….. တွေ့လို့ကတော့ တောင်းပြီပဲ…..

ဒီလိုနဲ့ ဘူကြီးလှဖေ တစ်ယောက် အဘ တက်နေတဲ့ အိမ်တော်ကို ရောက်လာပါရောလေ….

“အဘ နေကောင်းတယ်နော်….”
“ကောင်းပါ့ ဘူကြီးရေ….” “ဘယ်လိုလဲ အဆင်ပြေတယ်မလား….”
“ပြေတာပေါ့ အဘရယ်…. အဘ လက်ထက် အရာရာ စိုပြည်နေတာပဲ….”

“ဒါနဲ့ လာရင်း ကိစ္စ ပြောပါဦး….”
“ဒီလို အဘရေ….”
“လွှတ်တော်အမတ်အလုပ်ကလဲ မရှိတော့ အလုပ်အကိုင်လေး ဘာလေး ရှိနိုင်မလား အဘဆီ လာရင်း ဂါရဝပြုတာပါ….”
“အင်း…. ကောင်းပါတယ်လေ…”
“ရွာမှာ ဘာတွေလုပ်မယ် စိတ်ကူးထားလို့လဲ….”
“ဒီလို စိတ်ကူးတော့ရှိတယ် အဘ….. နိုင်ငံတကာက မြို့ကြီးတွေမှာ အဆင့်မှီ အားကစားကွင်းတွေ လုပ်ကြတော့ ဒီမှာလဲ တစ်ခုလောက် လုပ်ရင် ကောင်းမလားလို့ပါ…”
“မဆိုးပါဘူး….. လုပ်လေ”
ကွက်တိပဲ…. မြေကွက်တွေတောင်းမယ်….. ပြီးရင် ပြန်ရောင်းစားမယ်….. ပြီးရင် happy worldလောက် သေးသေးလေး လုပ်လိုက်မယ်။

“ဟုတ်… အဘ…. အဲဒါ ရွာမှာ နေရာလေး တချို့တလေများ ရနိုင်မလားလို့ပါ….”
“ဘယ်နေရာဆို အဆင်ပြေမလဲ…. ပြောကြည့်လေ…..”
“ဇဗ္ဗူသီရီဘက်ဆို ရနိုင်မလား…. အဘ….”
“အဲဘက်မှာက ငါ့သားက နေရာလွတ်မရှိသလောက် ယူထားပြီးပြီ…”

“ဟုတ်အဘ…. ရတယ်လေ….. ပုဗ္ဗသီရိဘက်ရော အဘ…..”
“အေး…. အဲဘက်က ငါ့သမီး ယူထားပြီးသား….”

“ဟုတ်…. အဘ…. နားလည်တယ်…. နားလည်ပါတယ်…. အဘ” “ဒက္ခိဏသီရိ ဘက်ဆိုရင်ရော”
“အဲဘက်က သိပ်မကောင်းဘူးလေ…. လုပ်ငန်း လုပ်ဖို့ အဆင်ပြေပါ့မလား…. ငါ့တူကတော့ လိုချင်တယ်ဆိုပြီး ယူးထားတာပဲ…”

အင်း…. ကုန်ပြီ… ကုန်ပြီ….. ပျဉ်းမနားဘက် သွားရမလား….. မဖြစ်ဘူး မေးစရာရှိတာတော့ မေးရမှာပဲ….

“အဘ ရွာသားတွေကို မိန့်ခွန်းပြောတော့ စီးပွားရေး ဦးမော့အောင် လုပ်မယ်… အလုပ်အကိုင်တွေ ဖန်တီးမယ်….. ဆို”
“အေးလေ…. လုပ်တောင် နေပြီလေ….”

“ဘာတွေလုပ်နေလို့တုန်း အဘ”
“ငါ့မိန်းမကရဲ့ အမျိုးတွေက အခုဆို ထိုင်းဘက်ကို လုပ်သားတွေ ပို့နေတယ်လေ…. တရားဝင်ရော တရားမဝင်ရော… အဲဒါအလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးတာပေါ့…”

“အဲလို အလုပ်မျိုးကျ ကျနော်က စစ်တပ်ထဲရော စစ်တပ်က ထွက်ပြီးတော့ရော…. လက်ကြောတင်းတင်း လုပ်ခဲ့တာမှ မဟုတ်တာ…. ဘယ်လိုလုပ်နိုင်မလဲ….”
“အဲဒါဆိုလဲ အခု မဲလုံးနဲ့ အပေါင်းအပါတွေ လုပ်ကြတဲ့အလုပ်တွေ လုပ်ပေါ့….”

“ဘာအလုပ်လဲ… အဘ”
“လုယက်ဓါးပြတိုက် ခိုးဆိုးပေါ့…..
“ဟင်…..”
“မိမှာလဲ မပူနဲ့….. မိလဲ မပူနဲ့….. ပြီးရင် ဟိုဘက်လွှဲချလိုက်ရုံပဲ….”
ဘူကြီးလှဖေ…. ဘူပြီလေ….. မိသားစု နောင်ရေးအတွက်ပါ တွေးပြီးလာခဲ့တာ မဟုတ်လား။ ကိုယ်သာ တခြားသူသားသမီးတွေကို ခိုင်းရင် ခိုင်းမယ်… ကိုယ့်သားသမီး နောင်ရေးအတွက်တော့ မဖြစ်ဘူးလေ…..

“အဘရယ်…. ကျနော့်သားသမီးတွေက ဘွဲ့ရ ပညာတတ်တွေလေ…. အဲလို အလုပ်တွေနဲ့ လုပ်ခိုင်းစရာလား….”
“ဟားဟား…… ဘွဲ့ရ….. ဟုတ်လား….. မင်းကွာ ဒီနိုင်ငံက ဘွဲ့တွေကိုပဲ…….. အေးအေး…… အဲဒါဆိုလဲ…. ဂျပန်စာသင်ခိုင်းပြီး ဂျပန်ပို့မလား…. ကိုရီးယားပို့မလား…. ကျုပ်အမျိုးတွေလဲ လူကုန်ကူးနေ (အဲ မဟုတ်ပါဘူး) ပို့ပေးနေတယ်”
“ရပါပြီ…. အဘရယ်….. ကျနော်နယ်မှာ နေရင် သေမှာ ရွာက အိမ်လဲ ဗုံးထုခံရလို့ တခြားနေရာသွားပြီး ကြောက်ကြောက်နဲ့ နေရတယ်။ ပြီးတော့ အဘ ဖန်တီးပေးတဲ့ အလုပ်အကိုင်တွေလဲ မလုပ်ခိုင်းချင်ပါဘူး…. ပြည်ပ ရောက်ရင်လဲ ဟိုက ဆန့်ကျင်သူတွေနဲ့ အရှက်ကွဲဦးမယ်…… နာဦးမယ်….”
“ကျနော် လုပ်နေကြ ထောက်ခံပွဲ အလုပ်လေးပဲ ဆက်လုပ်ပြီး အရိုးလေးတွေပဲ ကိုက်နေပါတော့မယ်”

ဘိုတု တစ်ယောက် သူဖန်တီးပေးတဲ့ အလုပ်အကိုင် အခွင့်အလမ်းကို မယူတဲ့ ဘူးကြီးလှဖေကို ကြည့်ရင်း တော်တော် ဦးနှောက် နည်းတာပဲဟု ရေရွတ်ရင်း ကျန်ခဲ့လေတယ်…..
ဓါတ်ဆီဈေးတွေ တက်နေချိန် ဆီဖိုးလေး ရင်းပြီး ထော်လာဂျီးလေးဆီပြီး အလုပ်လာတောင်းမိတဲ့ ဆီဖိုး ဆုံးတာပဲ အဖတ်တင်ပြီး ပြန်လစ်ရပါပြီ……

အိမ်တော်က အထွက် ဘူကြီးလှဖေ တစ်ယောက် နို့ဆီဗူးကို ကန်ရင်း ရေးရွတ်လိုက်တာကတော့…. “ငါ ိုးမ အဘ”

Staire မောင်ပြုံး