Spread the love

ရန်ကုန်၊ သြဂုတ် (၂)

ပစ်ခတ်ပေါက်ကွဲမှုဖြစ်စဉ်ကို လိုက်လံစုံစမ်းတဲ့ ပြည်သူ့စစ်နှစ်ဦး ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်နယ်၊ မူဆယ်မြို့ မီးပွိုင့်အနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြည်သူ့စစ်နှစ်ဦး ကို “ဆိုင်ကယ်စီးလာတဲ့ သူနှစ်ယောက်က ရပ်ပြီး သတင်းမေးတုန်း သေနတ်နဲ့ ငါးချက်ပစ်တာ။ နှစ်ယောက်စလုံး ထိသွားတယ်။” လို့ ဒေသခံတစ်ဦးက C8 News ကို ပြောပြပါတယ်။

မူဆယ်မြို့ အမှတ် (၁) စည်ပင်ဈေးနားက ယာဉ်ထိန်းရဲကင်းအနီးမှာ ဒီနေ့ မနက် (၁၁) နာရီကလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့လို့ ရဲတပ်သားတစ်ဦး သေဆုံးခဲ့သလို ပြည်သူစစ်နှစ်ဦး နဲ့ အရပ်သား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့ညက မူဆယ်မြို့ပေါ်ရဲစခန်းနဲ့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီမီးပွိုင့် စွမ်စော်ရပ်ကွက် နဲ့ ကောင်းမှုတုံရပ်ကွက်မှာ ဗုံးခြောက်ကြိမ်ပေါက်ကွဲခဲ့ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ မြို့မရဲစခန်းက အရာရှိတစ်ဦး အပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့ ညက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူ့စစ်နှစ်ဦးက ဒီနေ့ မှာ လိုက်လံစုံစမ်းနေရင်း အခုလို ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းက အမည်မဖော်လိုသူက C8 News ကို အတည်ပြုဖြေကြားပါတယ်။

“ညက ထိတဲ့အထဲမှာ အရင်သမ္မတရုံးကနေ ပြောင်းလာတဲ့ ရဲအရာရှိတစ်ဦးပါတယ်။ ကျန်တာက တပ်သားနှစ်ဦး” လို့ သူက ပြောပါတယ်။