Spread the love

ရန်ကုန်၊ သြဂုတ် (၁)

“တရားတဲ့သူသာ နိုင်ရမှာ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာ အမှန်တရားအတွက် ရဲရင့်ခဲ့ကြတဲ့ ကျွန်တော်တို့တွေ အနိုင်ရမှာ အသေအချာပဲ” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၆၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က အခုလို ပြောဆိုခဲ့တာပါ။

“တော်လှန်ရေးစတင်ချိန်က စစ်ကျွန်ဘဝ ဘယ်တော့မှ ပြန်မသွားတော့ဘူးဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေက လွဲလို့ ဘာမှမရှိဘဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျွန်တော်တို့ဟာ အခုဆိုရင် ဘယ်နိုင်ငံရဲ့ အထောက်အပံ့မှ မရရှိဘဲ ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့ စိတ်နဲ့ ရုန်းကန်လာခဲ့ကြတာ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံက သွေးပျက်နေတဲ့ အခု အခြေအနေတွေကို ကြည့်ရင် ကျွန်တော်တို့ တော်လှန်ရေး ဘယ်အနေအထား ရောက်နေပြီလဲဆိုတာ ခန့်မှန်းနိုင်ကြလိမ့်မယ်” ထင်တယ်လို့ သူက ပြောပါတယ်။

လက်ရှိအချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းပေါင်း (၂၅၀) ကျော် ဖွဲ့စည်းထားနိုင်ပြီ ဖြစ်သလို ဒေသကာကွယ်ရေးတပ်ဖွဲ့လည်း (၄၀၀) ကျော်ရှိနေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ် (၇၀) တိုက်ပွဲ အတွေ့အကြုံရှိခဲ့တဲ့ စစ်တပ်ကို တစ်နှစ် ပြည့်အောင် အတွေ့အကြုံ မရှိသေးတဲ့ PDF တွေဟာ မဟာမိတ်တွေရဲ့ အကူအညီနဲ့ အပြတ်အသတ် ချေမှုန်းနိုင်နေတာတွေ ကြည့်ရင် ဒီတော်လှန်ရေးက အောင်မြင်မယ်ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုပါဘူးလို့ မန်းဝင်းခိုင်သန်း က ပြောပါတယ်။

အခုဆို မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းထားတဲ့ (၁၈) လကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က (၁၈) လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောကြားပါတယ်။

တပ်မတော်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့လို့ ဖြေရှင်းပေးနိုင်ဖို့ တင်ပြမှုအပေါ် တာဝန်ရှိသူတွေက ဖြေရှင်းပေးမှု မရှိတဲ့အပြင် နိုင်ငံတော်အာဏာ အရပ်ရပ်ကို အတင်းအဓမ္မရယူဖို့ ကြိုးပမ်းခဲ့တဲ့အတွက် တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်ကို မလွှဲမရှောင်သာ ထမ်းဆောင်ခဲ့ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“နိုင်ငံတော် တာဝန်ထမ်းဆောင်တဲ့အချိန်အတွင်းမှာ တာဝန်တွေကို ကျွန်တော်တို့ စွမ်းအားရှိသမျှ ကြိုးစားထမ်းဆောင်ခဲ့ပါတယ်။ သို့သော်လည်း ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမား တွေနဲ့ ၎င်းတို့ကိုအားပေးနေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံမှာ ဒီမို ကရေစီ ထွန်းကားရေးထက် အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်ဆောင်ရွက်ခဲ့” တာ ဖြစ်တယ်လို့ သူက ပြောဆိုလိုက်ပါတယ်။