Spread the love

ရန်ကုန်၊ သြဂုတ် (၃)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူ လူဦးရေအများဆုံး စံချိန်တင်ခဲ့တယ်လို့ ကုလသမဂ္ဂလက်အောက်ခံ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်း‌ရေးရုံး (OCHA) က ပြောပါတယ်။

“အစားအသောက်နဲ့ ဆေးဝါးပစ္စည်းများအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့်ကို ကန့်သတ်ထားတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ အပါအဝင် နိုင်ငံအရှေ့တောင်ပိုင်း တနံတလျားက ထိခိုက်ခံစားရသူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ သွားရောက်အကူအညီပေးဖို့ အခက်အခဲတွေ ရှိနေ” တယ်လို့ ဒီနေ့ နေ့လည်ပိုင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ လူဦးရေစုစုပေါင်း ၁ ဒသမ ၂ သန်းကျော် ရှိလာပါပြီ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၅) ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းတွေ အရ သိရပါတယ်။

ပြည်တွင်း နေရပ်စွန့်ခွာသူတွေထဲက (၄၁,၉၀၀) ဦးဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေးပွဲမှာ ယာယီသမ္မတ ဒူဝါလရှီးလ က အခုလို ပြောဆိုခဲ့ပါတယ်။

“စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် လူထုဟာ ဘဝလုံခြုံရေးနဲ့ စားဝတ်နေ ရေးအခက်အခဲတွေ အလွန်အမင်း ကြီးထွား လာပါတယ်။ မြို့ပေါ်တွေမှာလည်း ရာဇဝတ်မှုတွေ နေ့စဉ်လို လို ဖြစ်ပွားနေတာ” တွေ့ရတယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် (၁၈) လ တာ ကာလအတွင်း တစ်နိုင်ငံလုံး လက်ပစ်ဗုံး/လက်လုပ်ဗုံး ပစ်ခတ်ခံရမှု၊ မိုင်းခွဲမှု ၇,၂၄၆ ကြိမ်၊ တိုက်ခိုက်/ သတ်ဖြတ်ခံရမှု ၆,၅၆၇ ကြိမ်၊ မီးရှို့ခံရမှု ၁,၀၉၄ ကြိမ်၊ စုစုပေါင်း ၁၄,၉၀၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က “အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တာဝန်ထမ်းဆောင်မှုအပေါ်မှာ တရားမဝင် ကော်မတီ၊ စင်ပြိုင်အစိုးရ၊ အကြမ်းဖက် အဖွဲ့အစည်းတွေ ဖွဲ့စည်းကာ နိုင်ငံအတွင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုမရှိစေရေး နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ခဲ့တာတွေ” ရှိတယ်လို့ (၁၈ လ)ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့နဲ့ ပတ်သက်တဲ့ မိန့်ခွန်းထဲမှာ အခုလိုထည့်သွင်း ပြောဆိုခဲ့ပါတယ်။