Spread the love

ရန်ကုန်၊ သြဂုတ် (၄)

အုပ်ချုပ်ရေးမှူး ဒလန်အကြီးစားဆိုသူ ဦးလှစိုးကို သေနတ် (၆) ချက် ပစ်ကာ ရှင်းလင်းလိုက်ပြီ ဖြစ်တယ်လို့ နတ်တလင်းမြို့၊ နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဦးလှစိုး ဟာ စစ်အာဏာရှင် အလိုကျ သတင်းများပေးခြင်း၊ ပြည်သူများအား စားနပ်ရိက္ခာများ ဖြတ်တောက်ခြင်း၊ စက်လှေများအား အကြောင်းမဲ့ ဆပ်ကြေးကောက်ခံခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက် ငွေတောင်းခံခြင်းနဲ့ ပြည်သူတွေကို နည်းလမ်းပေါင်းစု ဒုက္ခပေးနေတာ ဖြစ်လို့ ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ လယ်မအင်းအုပ်စု၊ အောင်သုခကျေးရွာက အုပ်ချုပ်ရေးမှူး ဒလန်အကြီးစားဆိုသူ ဦးလှစိုး ကို သြဂုတ် (၁) ရက်နေ့ ညပိုင်းက သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဦးလှစိုး ကို ရှင်းလင်းချိန်မှာ သူနဲ့ အတူပါလာတဲ့ “နောက်လိုက် တစ်ဦးကိုပါ ပစ်ခတ်ချေမှုန်းခဲ့” တယ်လို့ နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် (၁၈) လအတွင်း PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား (၃၄၈၃) ဦး သေဆုံးခဲ့ကာ (၃၀၆၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူလူထုကို ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။