Spread the love

ရန်ကုန်၊ သြဂုတ် (၄)

လက်ရှိကာလမှာ ပြည်သူလူထုရဲ့ လူမှုဘဝ လုံခြုံဖို့အတွက် မိမိတို့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေအနေနဲ့ ဝိုင်းဝန်းစုစည်း ညီညွတ်စွာနဲ့ ကြိုးစားကြစေလိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“အကြမ်းဖက် စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မှတ်တမ်းပြုစုပြီး တရားစီရင်နိုင်ရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နယ်မြေများကို စိုးမိုးထိန်းချုပ်နိုင်ရေးသည် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးသည် များစွာ အရေးပါ” တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး က ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ သူက ပြောကြားခဲ့ပါတယ်။

မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့လုပ်ငန်းတွေကို မြေပြင်မှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ကြရမှာဖြစ်သလို အမှုအခင်းကိစ္စရပ်တွေကို နည်းလမ်းတကျ ကိုယ်တွယ်ဆောင်ရွက်နိုင်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံတွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး (၁၈) လပြည့် မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ တရား ဥပဒေ စိုးမိုးရေးအတွက် အလွန်အရေးကြီးတဲ့ မြို့နယ်အချို့မှ အပ စစ်အုပ်ချုပ်ရေး မလုပ်ခဲ့ပါဘူး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး အာဏာသုံးရပ်ကို မည်သို့ပင် အပ်နှင်းထားစေကာမူ အခြေခံဥပဒေပါပြဋ္ဌာန်းချက်၊ တည်ဆဲဥပဒေများနှင့် အညီသာ” ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။