Spread the love

ရန်ကုန်၊ သြဂုတ် (၅)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်က္ကံနယ်မြေရဲစခန်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

“ရွှေပေါက်က္ကံ ကို ညက လက်ပစ်ဗုံးနဲ့ ပစ်ခံရတယ်ဆိုတာ ဟုတ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ ထိခိုက်သွားတယ်လို့တော့ ကြားတယ်။ ရဲစခန်းမှာ ပေါက်ကွဲမှုဖြစ်တော့ ညက ရပ်ကွက်ထဲကို လှည့်ကင်းလှည့်တယ်” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ရွှေပေါက်က္ကံရဲစခန်းဟာ စစ်ကောင်စီ ဒေါက်တိုင်အဖြစ် ဆက်လက်လုပ်ဆောင်နေတာ ဖြစ်လို့ မနေ့ ညပိုင်းက လက်ပစ်ဗုံးပစ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Generation- Y Guerilla တာဝန်ခံ အောင်မင်းသိန်း ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာဏာသိမ်းပြီးနောက် (၁၈) လ တာ ကာလအတွင်း တစ်နိုင်ငံလုံး လက်ပစ်ဗုံး/လက်လုပ်ဗုံး ပစ်ခတ်ခံရမှု၊ မိုင်းခွဲမှု ၇,၂၄၆ ကြိမ်၊ တိုက်ခိုက်/ သတ်ဖြတ်ခံရမှု ၆,၅၆၇ ကြိမ်၊ မီးရှို့ခံရမှု ၁,၀၉၄ ကြိမ်၊ စုစုပေါင်း ၁၄,၉၀၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က “အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တာဝန်ထမ်းဆောင်မှုအပေါ်မှာ တရားမဝင် ကော်မတီ၊ စင်ပြိုင်အစိုးရ၊ အကြမ်းဖက် အဖွဲ့အစည်းတွေ ဖွဲ့စည်းကာ နိုင်ငံအတွင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုမရှိစေရေး နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ခဲ့တာတွေ” ရှိတယ်လို့ (၁၈ လ)ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့နဲ့ ပတ်သက်တဲ့ မိန့်ခွန်းထဲမှာ အခုလိုထည့်သွင်း ပြောဆိုခဲ့ပါတယ်။