Spread the love

ရန်ကုန်၊သြဂုတ်(၅)

တပ်မတော်ဟာ တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် ဆက်လက်ဆောင်ရွက်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။

မနေ့ သြဂုတ်လ(၄)ရက်နေ့ မနက်ပိုင်း နေပြည်တော်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံစဉ်ချိန်မှာ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“တပ်မတော်ဟာ တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့လည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခွင့်အရေးကို ရရှိဖို့အတွက် တရားဥပဒေနဲ့အညီ၊ စည်းကမ်းနဲ့အညီ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ အညီလုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုတယ်” လို့ သူကပြောပါတယ်။

အာဏာသိမ်းပြီးနောက် အဖက်ဖက်က အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နယ်မြေဒေသအသီးသီးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးအကြောင်းပြချက်နဲ့ ခေါ်ယူတွေဆုံမယ်ဆိုပြီး အခုနှစ် မေလ(၂၀)ရက်နေ့မှာ ထုတ်ပြန်ကြေညာပြီးနောက် တစ်ဖွဲ့ချင်းဆီနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

“ဒီမိုကရေစီစနစ်မှာ လွှတ်တော်ဟာ နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး၊ တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ဒေသရဲ့ အခွင့်အရေးတွေကို တရားဥပဒေနဲ့အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေး စင်မြင့်လွှတ်တော်မှာ ပိုမိုပါဝင်လာရမယ်” လို့ သူကပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ ပြည်တွင်းပြည်ပက ပြည်ထောင်စုဖွားတိုင်းရင်းသားတွေအနေနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းပြီး အကြမ်းဖက် စစ်ကောင်စီ နဲ့ ဖက်ဆစ်စနစ်ကို ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ အမြစ်ပြတ်တဲ့အထိ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၆) ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ ပူးတွဲကာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။