Spread the love

ရန်ကုန်၊သြဂုတ်(၆)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ နေထိုင်တဲ့ သတင်းပေးဒလန် အဖြစ် သတ်မှတ်ခံထားရသူတွေ နေ့စဉ်ဆိုသလို ပစ်ခတ်ရှင်းလင်းခံနေရပြီး မနေ့ သြဂုတ်လ(၅)ရက်နေ့မှာ (၂)ဦး ပစ်ခတ်ခံရကာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အခုရက်ထဲ ဆက်တိုက်ကိုရှင်းခံနေရတာ၊ နေ့လည်တုန်းက ရေချိုချောင်းရွာမှာ နေတဲ့ ဦးမျိုးအောင် နဲ့ ညနေပိုင်းမှာ ကြာအင်းရွာ က ကိုကျော်အောင် တို့ အပစ်ခံရတယ်၊ နှစ်ယောက်လုံး ပွဲချင်းပြီး သေတယ်၊ ဦးမျိုးအောင် အကြောင်းတော့ သေချာမသိဘူး၊ ကိုကျော်အောင် ကတော့ဒလန်ဆိုတာ ဟုတ်တယ်၊ သူမှာ ကိုယ်ပိုင် လက်လုပ်သေနတ် ရှိတယ်၊ သူအပစ်ခံရတဲ့ အချိန်မှာ သေနတ်ပါမပါတော့ မသိဘူး” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

ရေချိုချောင်းရွာမှာနေတဲ့ ဦးမျိုးအောင် ကို ပုတီးတစ်လုံးပျောက်ကြားတပ်ဖွဲ့နှင့် ကျားရိုင်းတပ်ဖွဲ့ တို့က ပူးပေါင်းရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ပစ်ခတ်မှုအပြီးမှာ ထုတ်ပြန်ထားပေမယ့် ကိုအောင်ကျော် ကိုတော့ ဘယ်အဖွဲ့အစည်းက ရှင်းလင်းခဲ့တာလဲ ဆိုတာ ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။

သတင်းပေးဒလန် ဆိုသူတွေဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးစာတွေ ထုတ်ပြန် အသိပေးထားတဲ့အတွက် သတင်းပေးဒလန် အဖြစ် ဆက်လက်မလုပ်ကိုင်ဘဲ ရှောင်တိမ်း သွားသူတွေရှိသလို သတိပေးတာကို မလိုက်နာတဲ့သူတွေကိုသာ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက C8 News ကိုပြောပါတယ်။

“လူတွေပြောတိုင်း ဒလန်ဆိုပြီး မသတ်မှတ်ပါဘူး၊ သေချာအောင်စုံစမ်းတယ်၊ သေချာရင် ထပ်မလုပ်ဖို့ သတိပေးတယ်။ အဲ့ဒါကိုမှ မလိုက်နာရင်တော့ ပစ်ခတ်ရှင်းလင်းတယ်။မိသားစုတွေ၊ မသက်ဆိုင်သူတွေကိုတော့ မထိခိုက်အောင် လုပ်ပါတယ်။ မနေ့က (သြဂုတ်လ(၄)) ရက်နေ့တုန်းက ကင်းရှေ့ရွာက ဦးကုလား ဆိုတဲ့ ဒလန်ကို သွားရှင်းတယ်။ သူ့ကိုယ်မှာ သေနတ်တွေ့လို့ ရှင်းတဲ့အဖွဲ့က သိမ်းဆည်းလိုက်ရတယ်” လို့ သူက ပြောပါတယ်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အတွင်းက ကျေးရွာတချို့မှာ နှစ်ပတ်အတွင်း သတင်းပေးဒလန်အဖြစ် ကျော်ကြားသူ (၄) ဦး အထိ ပစ်ခတ်ရှင်းလင်းခံခဲ့ရသလို ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အာဏာသိမ်း စစ်ခေါင်းဆောင် က (၁၈)လအတွင်း PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် (၃၄၈၃) ဦး သေဆုံးခဲ့ကာ (၃၀၆၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။