Spread the love

ရန်ကုန်၊သြဂုတ်(၆)

ရပ်ကွက်အုပ်ချုပ်ရေးရုံးက ပြန်လာတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဝင်းဇော် ကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“မနေ့ ည (၇) နာရီကျော်လောက်မှာ ရုံးက အပြန်ပစ်ခံရတာ၊ အရင်ကနောက်ကျမှ ပြန်တာ အခုကဒလန်တွေ၊ အုပ်ကြီးတွေ အပစ်ခံနေရတော့ သိပ်မမှောင်ခင်ပြန်မယ်ဆိုပြီး ပြန်လာတုန်း လမ်းမှာ အပစ်ခံရတာ၊ ဘယ်သူတွေပစ်တာလဲဆိုတာတော့ မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဝင်းဇော် ဟာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ စည်ပင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ပစ်ခတ်ရှင်းလင်းဖို့ စီစဉ်ထားတာကြာပြီ ဖြစ်ပေမယ့် မနေ့ညပိုင်းမှာ အခွင့်အရေးရရှိခဲ့တာကြောင့် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သာယာဝတီမြို့ပြပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းလာပြီး နယ်မြေစိုးမိုးမှု ရရှိလာတဲ့အတွက် သတင်းပေးဒလန်တွေ နဲ့ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်သူတွေ အနေနဲ့ ပစ်ခတ်ခံရမှာ စိုးရိမ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်သူတွေ ရှိနေတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေတပ်ဖွဲ့တွေဆီက သိရပါတယ်။