Spread the love

ရန်ကုန်၊ သြဂုတ် (၇)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေ ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ဦးတင်မောင်နိုင် နဲ့ ဇနီးဖြစ်သူ ဒေါ်သီသီအေး တို့ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ဦးတင်မောင်နိုင် က ပေါင်ကိုထိပြီး ထွက်ပြေးတာ လမ်းထဲက နာရေးအိမ်ထဲ ရောက်သွားလို့ လိုက်မပစ်တာ။ သူ့မိန်းမတောင် လှည့်မကြည့်ဘူး။ မိန်းမကတော့ ပွဲချင်းပြီးပဲ။” လို့ ရပ်ကွက်နေသူတစ်ဦးက C8 News ကို ပြောပါတယ်။

မနေ့ ညက အောင်ဆန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးကနေ ပြန်လာပြီး နေအိမ်ရှေ့မှာ ခွေးဟောင်လို့ လင်မယားနှစ်ယောက် ထွက်ကြည့်တဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခံရတာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်မောင်နိုင် မိသားစုဟာ ရပ်ကွက်အတွင်း အာဏာပါဝါပြကာ စစ်တပ်ကို ဖမ်းဆီးခိုင်းတာ၊ ပြည်သူတွေကိုနှိပ်စက်တာတွေ ရှိတယ်လို့ ရပ်ကွက်နေသူတွေကရဲ့ ပြောပြချက်အရ သိရပါတယ်။

“ညက ပစ်ခတ်မှုမှာ မိန်းမသေတယ်။ သူက အင်းစိန်ဆေးရုံမှာ။ ရပ်ကွက်ထဲမှာ သူတို့မိသားစုက အဆိုးဆုံး သူ့မိန်းမ ဆို ရုံးအထိလိုက်တာ သူ့သားကလည်း အဖေအားကိုးနဲ့ အာဏာပြနေတာ။” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက C8 News ကို ပြောပါတယ်။

အင်းစိန်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ (၄) ရက်နေ့ နေ့လည်ပိုင်းကလည်း ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်အောင် သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။

(၁၈) လအတွင်း PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား (၃၄၈၃) ဦး သေဆုံးခဲ့ကာ (၃၀၆၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူလူထုကို ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။