Spread the love

ရန်ကုန်၊ သြဂုတ် (၇)

(၃) ရက်အတွင်း တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်က စစ်ကြောင်းမှူး အပါအဝင် (၃၆) ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ဒီနေ့မှာ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မင်းရွာကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆၄) ဦးပါတဲ့ တပ်ကို သြဂုတ် (၄) ရက်ကနေ (၆) ရက်နေ့အထိ (၃) ရက်ကြာ မဟာမိတ်အဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သူတို့အဖွဲ့ရဲ့ ဒီနေ့ နေ့လည်ပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၆) ဦး သေဆုံးခဲ့သလို အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေ လိုက်ပါစီးနင်းလာတဲ့ ဒိုင်နာကား ကို မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အဝင်က ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းရုံး အနီးကို အရောက်မှာ ပဒေသာ မိုင်း (၂) လုံးခွဲပြီး တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်လည်း ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့ မနက်ပိုင်းက ဖြစ်ခဲ့ပါသေးတယ်။