Spread the love

ရန်ကုန်၊သြဂုတ်(၇)

ကွမ်းယာရောင်းရင်း PDF နဲ့ CDM ဖမ်းဆီးဖို့ အမြဲပြောဆိုနေတဲ့ ပျူစောထီးအဖွဲ့ဝင် ဆိုတဲ့ မသန္တာ ကို မနေ့ညနေပိုင်းမှာ အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“သူက ကွမ်းယာဆိုင်ဖွင့်ထားတာ ကားလက်မှတ်လည်း ရောင်းတယ်။ သူ့ဆိုင်က ကြံ့ဖွတ်လူတွေစုရပ်ပဲ၊ တစ်နေ့တစ်နေ့ ဆိုင်မှာစုပြီး PDF နဲ့ CDM တွေကို ဖမ်းဆီးဖို့ ပြောနေတာ။ ဘယ်လူကိုဖမ်းဖို့လိုတယ်။ ဘယ်သူကို မဖမ်းသေးဘူးဆိုပြီး အမြဲပြောနေတာ။ ပျူစောထီးအဖွဲ့မှာလည်း သူတို့လင်မယား နှစ်ယောက်လုံးပါတယ်။ မနေ့ ညနေလာပစ်တော့ သူ့ယောင်္ကျား ဆိုင်မှာမရှိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရသူ မသန္တာ နဲ့ သူမရဲ့ အမျိုးသားဟာ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့တိုက်နယ်၊ ကညင်ငူကျေးရွာ မှာ နေထိုင်သူတွေဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်ပြီး စစ်ကောင်စီအဖွဲ့နဲ့ ပေါင်းသင်းကာ ပြည်သူတွေကို ဒုက္ခအမျိုးမျိုး ပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ပစ်ခတ်မှုအပြီးမှာ ရိုးမဧရာဝတီနှင့် နဂါးနီတော်လှန်ရေးပူပေါင်းအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကြောင့် နဖူး(၂) ချက်၊ ဝမ်းဗိုက်(၁) ချက်ကျည်ထိမှန်ပြီး အင်ပင်မြို့တိုက်နယ် ဆေးရုံကို ပို့ဆောင်နေချိန် လမ်းမှာပဲ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းယူပြီးနောက် စစ်တပ်နဲ့ ပူးပေါင်းပြီး သတင်းပေးဒလန်အဖြစ် လုပ်ကိုင်သူတွေ၊ စစ်ကောင်စီဒေါက်တိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းတာတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်သူတွေ၊ သတင်းပေးဒလန်တွေ စုစုပေါင်း (၃၅၀၀) နီးပါး ရှင်းလင်းခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။