Spread the love

ရန်ကုန်၊သြဂုတ်(၉)

ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ လာရောက်တာကို ကန့်ကွက်တဲ့အနေနဲ့ ထိုင်ဝမ်ကျွန်းတစ်ဝိုက် လုပ်ဆောင်ခဲ့တဲ့ ပေကျင်းရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုက သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ပြီးသွားပါပြီ။ ဒါပေမဲ့ နောက်တစ်နေ့မှာ စစ်ရေးလေ့ကျင့်မှု အသစ်ကို တရုတ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုလို စစ်ရေးလေ့ကျင့်မှု ထပ်မံတိုးချဲ့လိုက်တာကြောင့် အမေရိကန်သမ္မတ ဂျိုဘိုင်ဒင်က စိုးရိမ်နေပါတယ်။ ထိုင်ဝမ်အတွက် စိတ်မပူပေမဲ့ ထိုင်ဝမ်တစ်ဝိုက် တရုတ်ရဲ့လုပ်ရပ်တွေအပေါ် စိုးရိမ်မိတယ်လို့ သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

“သူတို့အနေနဲ့ ဆက်ပြီး ရှေ့တိုးလုပ်ဆောင်နေတဲ့အတွက် ကျွန်တော် စိုးရိမ်မိတယ်။ ဒါပေမဲ့ သူတို့ ဒီထက် ဘာမှပိုလုပ်နိုင်မယ်မထင်ဘူး” လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်က တိုးချဲ့လိုက်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောဖျက်ဆီးရေးနဲ့ ပင်လယ်ပြင် တိုက်ခိုက်မှု စစ်ဆင်ရေးတွေကို အဓိကထားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လုံခြုံရေးလေ့လာသူနဲ့ သံတမန်တချို့က ထိုင်ဝမ်ကာကွယ်ရေးအတွက် ဖိအားပေးမှာကို စိုးရိမ်နေပါတယ်။

ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်ဟာ တမင်တကာ ပြဿနာတွေ ဖန်တီးနေတယ်လို့ ပြောကြားရင်း တရုတ်ရဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။

“တရုတ် ဖန်တီးခဲ့တဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ထိုင်ဝမ်က ကြောက်လန့်ပြီး နောက်ပြန်ဆုတ်မှာ မဟုတ်ပါဘူး။ အချုပ်အခြာအာဏာ၊ အမျိုးသားလုံခြုံရေးနဲ့ လွတ်လပ်ပြီး ဒီမိုကရေစီဆန်တဲ့ နေထိုင်မှုပုံစံတွေ ပိုမိုတည်တံ့ခိုင်မြဲဖို့ ကာကွယ်သွားမှာပါ” လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


Ref: Reuters “Biden ‘concerned’ as China extends military drills around Taiwan”