Spread the love

ရန်ကုန်၊ သြဂုတ် (၁၅)

ကျည်ပြတ်လုနီးပါး ဖြစ်နေတဲ့အတွက် အရေးပေါ်ကျည်ဝယ်ဖို့ လိုအပ်နေတယ်လို့ သံမဏိ Force_MPDF အဖွဲ့က ပြောပါတယ်။

“ကျနော်တို့ သံမဏိ Force_MPDF အဖွဲ့သားများအနေနဲ့ ရေကြောင်းပွဲကနေ ပြန်လာပြီးကတည်းက ယခုအချိန်ထိ ပွဲ ဆက်များနေတုန်းပါဘဲဗျ။ တော်လှန်ရေးကာလမှာ အကြမ်းဖက် စစ်ဥစုပ်က မျှော်လင့်နေတဲ့ အခြေအနေအတိုင်း ဖြစ်မလာဖို့ ကျတော်တို့ အစွမ်းကုန် ကြိုးစားပြင်ဆင်နေရာမှာ မိဘပြည်သူတို့ရဲ့ ထောက်ပံ့မှုအားနဲ့ဘဲ ကျနော်တို့က ရှေ့ဆက်နေရတာဖြစ်” တယ်လို့ သူတို့က လူမှုကွန်ယက်မှာ မနေ့က ရေးသားထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပါက စစ်လက်နက်ပစ္စည်း ကုန်ကျစရိတ်မှာ တိုက်ပွဲတစ်ပွဲအတွက် မြန်မာငွေကျပ် အနည်း သိန်း (၄၀) ကျော် ကုန်ကျတယ်လို့ သူတို့အဖွဲ့ရဲ့ ပြောပြချက်အရ သိရပါတယ်။

“စားစရိတ်အတွက်ကတော့ ထူး ပူစရာမလိုဘူးဗျ။ ဘယ်လောက်ခက်ခဲ ခက်ခဲ ရောက်အောင် ထမင်းထုပ်/ရေ/အအေး က အစ လာပို့ပေးကြတယ်ဗျ။ လိုအပ်တဲ့ စစ်လက်နက်ပစ္စည်း အတွက်ကိုတော့ စစ်နဲ့ဝေးရာမှာ ရောက်နေတဲ့ မိဘပြည်သူများကဘဲ ကူညီထောက်ပံ့ပေးပါလို့ တောင်းဆိုပါရစေဗျ” လို့ သူတို့က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်ကို တော်လှန်ဖို့အတွက် နိုင်ငံအတွင်း လက်နက်ကိုင် ဆန့်ကျင်မှုတွေ ပေါ်ပေါက်ခဲ့တာပါ။

လက်ရှိအချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းပေါင်း (၂၅၀) ကျော် ဖွဲ့စည်းထားနိုင်ပြီး ဖြစ်သလို ဒေသကာကွယ်ရေးတပ်ဖွဲ့လည်း (၄၀၀) ကျော်ရှိနေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ၂၀၂၂ ခုနှစ် မေ (၅) ရက်နေ့က ပြောကြားခဲ့ပါတယ်။