Spread the love

ရန်ကုန်၊သြဂုတ်(၁၇)

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်တာတွေ ဆောင်ရွက်လာပါက အကြမ်းဖက်နှိမ်နှင်းရေး နည်းလမ်းတွေနဲ့သာ ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

“နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းတာ မလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်နဲ့ ဆောင်ရွက်နေမည်ဆိုပါက တည်ငြိမ်ရန် ခက်ခဲနေမှာ ဖြစ်ပါတယ်၊ ဒါကြောင့် မိမိတို့အနေနဲ့ နိုင်ငံရေးကို နိုင်ငံရေးနဲ့သာ ဖြေရှင်းဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လုပ်ဆောင်လာပါက အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းစဉ်တွေနဲ့သာ ဆောင်ရွက်သွားမယ်” လို့ မနေ့က သြဂုတ်(၁၆) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ နစက အစည်းအဝေး(၇/၂၀၂၂) မှာ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းဖြစ်စဉ်ကို မဲမသာမာမှုကြောင့် အာဏာသိမ်းခဲ့တာဖြစ်ပြီး အဲ့ဒါကိုနိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက် လမ်းစဉ်တွေနဲ့ ဖြေရှင်းနေတာကြောင့် အခုလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ မဲမသာမာမှုကြောင့် အာဏာသိမ်းခဲ့တာ ဖြစ်တယ်လို့ အမြဲပြောဆိုနေပေမယ့် အရပ်ဘက်အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက မည်သူ့ကိုမဆို ဖမ်းဆီးတာတွေ၊ စစ်ကြောရေးမှာ နှိပ်စက်မေးမြန်းတာတွေ ပစ်ခတ် သတ်ဖြတ်တာတွေကို နေ့စဉ် တိုင်းနဲ့ ပြည်နယ်အသီးသီးက နေရာတွေမှာ တရားမဲ့ လုပ်ဆောင်နေတာတွေကို တွေ့မြင်နေရပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ (၂၆) ရက်နေ့မှာ နိုင်ငံပိုင်ရုပ်သံကတစ်ဆင့် ဆန္ဒပြမှုတွေ ပြုလုပ်ပါက “နောက်စေ့နဲ့ နောက်ကြောကို ဖောက်မယ့် အန္တရာယ်ရှိနေတယ်ဆိုတာ ရှေ့က မရှုမလှသေခဲ့ရတာ သင်ခန်းစာယူစေလိုပါတယ်။ နားမယောင်လေးနဲ့ သားတို့ သမီးတို့။ မိဘများက နားဝင်အောင် ကြိုတင်တားဆီးပါ။ အချည်းနှီး မသေပါစေနဲ့ “လို့ ထုတ်ပြန် ခြိမ်းခြောက်ခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့တရားမဲ့ပြုကျင့်မှုတွေကြောင့် သေဆုံး၊ ဖမ်းဆီး၊ နေအိမ်ချိတ်ပိတ်ခံရတဲ့ ပြည်သူတွေစာရင်းကို ဖော်ပြရေးသားနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စစ်အာဏာသိမ်းပြီးနောက် ပြည်သူ (၂၂၀၁) ဦးကျဆုံးခဲ့ရပြီး နေအိမ်(၇၀၉) လုံးထက်မနည်း ချိတ်ပိတ်ခံခဲ့ရတယ်လို့ အသိပေး ဖော်ပြထားပါတယ်။