Spread the love

ရန်ကုန်၊သြဂုတ်(၁၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့မှာ ကိုယ်ပိုင် စစ်ဆေးရေးဂိတ်ဖွင့်ပြီး အကြောင်းအမျိုးမျိုးပြ ဆက်ကြေးကောက်နေတဲ့ အုပ်ချုပ်ရေးမှူး ဦးညိုဝင်းနိုင် (ခ) ငရွှီး ကို မနေ့ မနက်ပိုင်းမှာ အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူက အာဏာသိမ်းပြီးတဲ့နောက်မှ အုပ်ကြီးလုပ်တာ၊ ရပ်ကွက်ရုံးနားမှာ စစ်ဆေးရေးဂိတ်ဆိုပြီး ဖွင့်တယ် သူ့ရဲ့ကိုယ်ပိုင်ဂိတ်ပေါ့ဗျာ။ အဲ့ဒီဂိတ်ကဖြတ်သွားတဲ့လူတွေကို မှတ်ပုံတင်စစ်၊ ဖုန်းစစ်လုပ်တယ်။ တစ်ခုခုမပြည့်စုံတာတွေ့ရင် ပိုက်ဆံတောင်းတယ်။သူ့ဂိတ်မှာရှိတဲ့လူတွေက ပျူတွေပဲ၊ မနေ့က လဘက်ရည်ဆိုင် ထိုင်နေတုန်း အပစ်ခံရတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးညိုဝင်းနိုင် ဟာ နဲ့ တခြားလူ (၂) ဦးအတူ မနေ့ မနက်ပိုင်းက လဘက်ရည်ဆိုင် ထိုင်နေချိန် အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက လာရောက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးနဲ့ သူ့အဖွဲ့ကလူ (၂) ဦး လဘက်ရည်ဆိုင်ထိုင်နေတုန်း လာပစ်သွားတာ၊ ပစ်ခံရတဲ့နေရာမှာ AK47 ကျည်ခွံတချို့ တွေ့ရတယ်၊ အုပ်ချုပ်ရေးမှူးကတော့ ရင်ဘတ်နဲ့ ဆီးခုံ ကို ကျည်ထိမှန်ပြီး သေတယ်။ တခြားနှစ်ယောက်ကတော့ လက်နဲ့ ခြေထောက်လောက်ပဲ ထိတာဆိုတော့ စိုးရိမ်စရာမရှိပါဘူး” လို့ သူက ပြောပါတယ်။

ပစ်ခတ်မှုကို Kanbalu Underground Warriors အဖွဲ့က ပစ်ခတ်ခဲ့တာလို့ ကြေညာချက် ထုတ်ပြန်ထားပေမယ့် အဲ့ဒီအဖွဲ့နဲ့ အဆက်အသွယ် မရရှိသေးတဲ့အတွက် အသေးစိတ် အခြေအနေကို မသိရသေးပါဘူး။

ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကျေးစာရေး သူရကျော် ကို KBU – UG အဖွဲ့က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ (၆) ရက်နေ့မှာလည်း သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။