Spread the love

ရန်ကုန်၊စက်တင်ဘာ(၂၃)

လွိုင်ကော်အမြောက်တပ်က ပစ်ကူပေးတဲ့ (၁၂၀)မမ လက်နက်ကြီးကျည်တွေ မိုးဗြဲမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၁၉)ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးပစ်ကူတွေ အသုံးပြုခဲ့ပြီး စစ်ကြောင်း (၂) ကြောင်းနဲ့ မိုးဗြဲမြို့ကို ဝင်ရောက်လာတဲ့အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

မနေ့ နေ့လည်ပိုင်းက တိုက်ပွဲပြင်းထန်နေချိန် လွိုင်ကော် ခလရ (၂၅၀)အမြောက် တပ်ကပစ်ကူပေးနေတဲ့ (၁၂၀)မမ ကျည်နှစ်လုံးဟာ လွိုင်ကော်မြို့အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဆီကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု မြောက်မြားစွာ ရှိခဲ့တာကို MBPDF က အတည်ပြုထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီအဖွဲ့ရဲ့ ထိုးစစ်တွေကို MBPDF၊ ဖယ်ခုံ PDF၊လွိုင်ကော် PDF၊အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ နေပြည်တော် PDF၊ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF၊ KGZ နဲ့ URF တို့ ပူးပေါင်းခုခံနေတာ ဖြစ်ပါတယ်။

မနေ့ နေ့လည်ပိုင်းကလည်း ငွေတောင်အခြေစိုက် ခလရ(၁၀၂) တပ်ရင်းက လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ပျက်စီးခဲ့တဲ့အကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားပါတယ်။