Spread the love

ရန်ကုန်၊ နိုဝင်ဘာ (၂၅)

တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေသလို ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ မတရား၊ ဖမ်းဆီး၊ ညှင်းပန်း၊ သတ်ဖြတ်တာတွေ ခံနေရာတာဖြစ်တာမို့ “တနိုင်ငံလုံး အကျဉ်းကျနေတယ်လို့ ယူဆပါတယ်။” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

“ဒါကြောင့် တနိုင်ငံလုံးကို ဒီအကြမ်းဖက် စစ်အုပ်စု လက်ထဲကနေ အမြန်ဆုံး လွတ်မြောက်အောင် လုပ်ဖို့ ကျွန်တော်တို့ တော်လှန်ရေး ဦးဆောင်အဖွဲ့တွေမှာ တာဝန်အပြည့်ရှိတယ်လို့ ခံယူပါတယ်။ ကမ္ဘာကတောင် စံချိန်တင်ရမယ့် မြန်မာပြည်သူတွေရဲ့ စုစည်းမှုအားနဲ့ ဇွဲသတ္တိတွေဟာ ကျွန်တော်တို့ တော်လှန်ရေး မဖြစ်မနေ အောင်မြင်ရမယ့် အကြောင်းအရင်းတစ်ချက် ဖြစ်ပါတယ်။” သူက အခုလို ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က နိုဝင်ဘာ (၂၂) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“စည်းလုံးပြီး ဇွဲကောင်းလွန်းတဲ့ ပြည်သူတွေကို စစ်ကောင်စီကလည်း နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးနေတာတွေလည်း နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။ ဒီတော်လှန်ရေးမှာ ပြည်သူတွေရဲ့ အရင်းအနှီးက ကြီးလွန်းပါတယ်။ တော်လှန်ရေးအရင်းအနှီး ကြီးသလို ကျွန်တော်တို့ ပြန်ရရမယ့် အမြတ်ကလည်း ကြီးဖို့ လိုပါတယ်။ အတ္တကြီးလွန်းတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားနိုင်ပြီး ခိုင်မာတဲ့ ဖက်ဒရယ် နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရမယ်ဆိုတဲ့ အမြတ်ကြီးကြီးရအောင်” ဆက်လက်အားထုတ်ရမှာ ဖြစ်တယ်လို့ သူက တိုက်တွန်းပြောခဲ့ပါတယ်။